လေးပွင့်ဆိုင်တွေ့ဆုံရေး ကျောင်း သားတွေတောင်းဆိုချက် အစိုးရ သဘောတူ

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ အတွက် သပိတ်မှောက် ကျောင်း သားကျောင်းသူတွေ တောင်းဆိုတင်ပြထားတဲ့ လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရေး ကို အစိုးရဘက်က သဘောတူ လိုက်ပါတယ်။

နေပြည်တော်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့က ပြည်ထောင်စု ဝန်ကြီးတချို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့ သပိတ်မှောက်ကျောင်း သားခေါင်းဆောင်တွေကို တွေ့ရစဉ် Photo: Myo Thant/RFA

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့အတွက် သပိတ်မှောက် ကျောင်းသားကျောင်းသူတွေ တောင်း ဆိုတင်ပြထားတဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို အစိုးရဘက်က သဘောတူလိုက်ပါတယ်။

ဒီနေ့ နေပြည်တော်မှာ ပြည်ထောင်စုဝန်ကြီးတချို့နဲ့ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တွေ တွေ့ ဆုံဆွေးနွေးစဉ်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ဒီမိုကရေစီနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

"ဒီနေ့ကျနော်တို့ အကြောင်းအရာတွေ ဘာမှ မဆွေးနွေးဘူး၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို စတင်မယ်ဆိုတာကိုပဲ ကတိပေးလိုက်တာပေ့ါ၊ အဲ့လိုကတိပေးရုံတင်မကဘူး ဘယ်နေ့ ဘယ်နေရာမှာ လုပ်မယ်ဆိုတာပါ ထည့်ပေး လိုက်တာပဲ၊ ကျောင်း သားတွေ သပိတ်မှောက်ရခြင်း အကြောင်းရင်းက လည်း အဲ့လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ကျနော်တို့မလုပ်ခဲ့လို့ပေ့ါနော်၊ ဆွေးနွေးပွဲဆိုတာကလည်း နိုင်ငံတော် သမ္မတကြီး ပြောပြောနေတဲ့ တွေ့ ဆုံဆွေးနွေးအဖြေရှာမှ အဖြေတစ်ခုရမှာလေ၊ မတွေ့ဘူးဆိုရင်တော့ အဖြေမရဘူးပေါ့၊ အခုတွေ့ဆုံဆွေးနွေးပွဲ လမ်းကြောင်းပေါ်ရောက်သွားပြီဖြစ်တယ်၊ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတယ်၊ ဒါကိုဆက်ပြီးလုပ်သွားမယ်ဆို တာလေး တင်ပြချင်တယ်"

အဲဒီ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို လာမယ့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ စတင်ကျင်းပမှာဖြစ်ပြီး အစိုးရ၊ လွှတ်တော်၊ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ ကျောင်းသူ ကျောင်းသားကိုယ်စားလှယ်တွေ ပါဝင်ပါမှာ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ကျောင်းသူ ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို ထည့်သွင်းဆွေးနွေးသွား မှာ ဖြစ်ပါတယ်။ အဲဒီ ၁၁ ချက်မှာ ပညာရေးမူဝါဒတွေနဲ့ ဥပဒေတွေရေးဆွဲရာမှာ ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်တွေ၊ ဆရာ ဆရာမ ကိုယ်စားလှယ်တွေကို ပါဝင်ခွင့်ပေးဖို့၊ ကျောင်းသားသမဂ္ဂတွေ ဆရာသမဂ္ဂတွေကို တရားဝင်ဖွဲ့စည်းခွင့်ပေးဖို့၊ ဒေသအလိုက် ကျောင်းအလိုက် စီမံခန့်ခွဲခွင့်ပေးဖို့၊ လက်ရှိကျင့်သုံးနေတဲ့ စာမေးပွဲစနစ်နဲ့ တက္ကသိုလ်ဝင်ခွင့်စနစ်တွေကို ပြင်ဆင်ပေးဖို့ စတာတွေ ပါဝင်ပါတယ်။

ဒီနေ့ နေပြည်တော်က ဆွေးနွေးပွဲကို ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လည်း တက်ရောက်ခဲ့ပြီး သပိတ်မှောက်ကျောင်းသားတွေဘက်က ၁၀ ယောက် တက်ရောက်ခဲ့ကြပါတယ်။

နယ်ကနေ ရန်ကုန်ကို လမ်းလျှောက်ချီတက်နေတဲ့ ကျောင်းသားတွေရဲ့ သပိတ်လမ်းကြောင်းတွေလည်း ရပ်နားလိုက်ပြီလို့ သိရပါတယ်။

အစိုးရနဲ့ သပိတ်မှောက်ကျောင်းသားတွေ တေ့ွဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် မဖြိုးဖြိုးအောင်ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်း ဒီနေ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org