တွေ့ဆုံပွဲရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ RCSS ထုတ်ပြန်

လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က တာဝန်ရှိသူတွေ၊ တပ်မတော်ညှိနှိုင်းရေးအဖွဲ့တို့နဲ့ သီးခြားစီတွေ့ဆုံဖို့ စီစဉ်ထားတာကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း NCA လက်မှတ်ထိုးထားတဲ့ RCSS အဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အစိုးရငြိမ်းချမ်းရေးကော်မရှင် နဲ့ RCSS ခေါင်းဆောင်တွေ ၂၀၁၉၊ ဇန်နဝါရီ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံစဉ် Photo: Aung Moe Myint/ RFA

လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က တာဝန်ရှိသူတွေ၊ တပ်မတော်ညှိနှိုင်းရေးအဖွဲ့တို့နဲ့ သီးခြားစီတွေ့ဆုံဖို့ စီစဉ်ထားတာကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း NCA လက်မှတ်ထိုးထားတဲ့ RCSS အဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အဖွဲ့အတွင်း ပြန်လည်ညှိနှိုင်းဖို့ရှိတာကြောင့် ရက်ရွှေ့ဆိုင်းတာဖြစ်တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က ငြိမ်းချမ်းရေးကော်မရှင်ကတဆင့် ဆက်သွယ်ပြောကြားလာကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေက RFA ကို ဒီနေ့ ပြောပါတယ်။

ရက်ရွှေ့ဆိုင်းလိုက်တယ်ဆိုပေမယ့် လာမယ့် ဖေဖော်ဝါရီလအတွင်းမှာပဲ ပြန်လည်တွေ့ဆုံနိုင်မယ့်ရက်ကို ထပ်ပြီးညှိနှိုှု်င်းကြမှာဖြစ်တယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

NRPC နဲ့ RCSS တို့တွေ့ဆုံတဲ့အခါ ၂၀၁၉ ခုနှစ်အတွင်း စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ဆက်လက်ကျင်းပနိုင်ရေး ကိစ္စတွေ ဆွေးနွေးဖို့ရှိတယ်လို့ ငြိမ်းချမ်းရေး ကော်မရှင်ဘက်က ပြောပါတယ်။

မနေ့က RCSS က ကြေညာချက်ထုတ်ပြန်ရာမှာ တပ်မတော်နဲ့ သူတို့အဖွဲ့ကြား သဘောထားကွဲလွဲနေတဲ့ ကိစ္စတွေထဲမှာ RCSS ရဲ့ ဗဟိုဌာနချုပ်နယ်မြေ သတ်မှတ်ချက်ကိစ္စ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေဖြစ်တဲ့ ဗိုလ်မှူးကြီး စိုင်းငင်း၊ ဒုတိယဗိုလ်မှူးကြီး စိုင်းမိဏ်းနဲ့ စိုင်းဦး တို့ကို RFA က အကြိမ်ကြိမ် ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့တွေက ဥက္ကဋ္ဌ နှစ်ဦး ဟာ NCA အပေါ်နားလည်မှုလွဲမှားပြီး အကောင်အထည်ဖော်နေတဲ့ ကိစ္စတွေကို ဆွေးနွေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်ကာကွယ်ရေးဦးစီးချုပ်တို့ကို ဒီ ဇန်နဝါရီလလယ်ပိုင်းက စာရေးသားပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ RCSS က မနေ့က ထုတ်ပြန်လာတဲ့ ကြေညာချက်မှာတော့ ဖေဖော်ဝါရီလ ပထမအပတ်အတွင်းလုပ်မယ့် အဲဒီတွေ့ဆုံပွဲတွေဟာ ရှမ်းအမျိုးသားနေ့နဲ့ တိုက်ဆိုင်နေသလို အဖွဲ့အစည်းအတွင်း အချိန်ယူရှင်း ပြစရာတွေရှိလို့ တွေ့ဆုံမယ့်ရက်ကို ပြန်ညှိမယ်လို့ ဆိုလာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက RCSS ရဲ့ အကြံပေး ဦးခွန်ဆိုင်းက RFA ကိုပြောရာမှာ NRPC နဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ တွေ့ပြီး တပ်မတော်ညှိနှိုင်းရေးအဖွဲ့နဲ့ ၃ ရက်နေ့ တွေ့မယ်လို့ ညှိထားတယ်လို့ ပြောပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ RCSS ဌာနချုပ် လွယ်တိုင်းလျန်မှာ ရှမ်းအမျိုးသားနေ့ ကျင်းပဖို့ ရှိနေတာပါ။

ဆွေးနွေးပွဲကို ရက်ပြန်ညှိဖို့ ကြေညာချက်ထုတ်လိုက်တဲ့အပေါ် RCSS က ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်နေပေမယ့် အဆက်အသွယ်မရသေးပါဘူး။

RCSS နဲ့ KNU တို့ပူးပေါင်းပြီး ကာကွယ်ရေးဦးစီးချုပ်နဲ့ အတိုင်ပင်ခံတို့ထံ ပေးပို့ထားတဲ့စာမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို KNU ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး က အခုလို ပြောပါတယ်။

" ၂၀၂၀ မှာရရှိတဲ့ ရလဒ်တွေကို ချုပ်လိုက်ပြီးတော့ ဖက်ဒရယ်လို့ သက်မှတ်မယ်။ ပွဲသိမ်းမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အဲဒီလိုပုံစံမျိုးပေါက်နေတယ်။ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်မူတွေနဲ့ပတ်သက်တဲ့ အခြေခံမူတွေကို ကျနော်တို့ ဘယ်လောက်ထိ ဆွေးနွေးနိုင်မလဲဆိုတာ အပိုင်းတစ်ပိုင်းပေါ့နော်"

အစိုးရ၊ တပ်တို့နဲ့ ဆွေးနွေးမယ့်အကြောင်းအရာတွေဟာ RCSS နဲ့ KNU အဖွဲ့အစည်းနှစ်ခုရဲ့ သဘောထားဖြစ်လို့ ဆွေးနွေးပွဲ နောက်ဆုတ်သွားမလားဆိုတာကလည်း RCSS နဲ့ ပြန်ညှိရဦးမှာ ဖြစ်တယ်လို့ ပဒိုစောတာဒိုမူးက ပြောပါတယ်။

တချို့ KNU နဲ့သာဆိုင်တဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေ၊ နယ်မြေကိစ္စရပ်တွေကိုတော့ အစိုးရ၊ တပ်မတော်တို့နဲ့ သူတို့အဖွဲ့ဘဲ သီးသန့်တွေ့ဆုံစရာရှိရင်လည်း တွေ့ဆုံသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ KNU အနေနဲ့လည်း နှစ် ၇၀ ပြည့် ကရင်တော်လှန်ရေးနေ့ကို ဦးစားပေး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

KNU နဲ့ တွေ့ဆုံတဲ့အခါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ KNU ရဲ့ ယာယီရပ်ဆိုင်းထားမှု ရုပ်သိမ်းပြီး ပြန်လည်ပါဝင်လာဖို့ ပြောဆိုဆွေးနွေးဖို့တွေရှိတယ်လို့ ငြိမ်းချမ်းရေးကော်မရှင်က ဦးလှမောင်ရွှေ က ပြောပါတယ်။

"ကေအဲန်ယူအနေနဲ့ တရားဝင်နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပြန်လည်ပါဝင်ဖို့နဲ့ ကေအဲန်ယူက ဆွေးနွေးလိုတဲ့ အချက်တွေကို ပြင်ဆင်ဖို့ပဲ။ အလုပ်အဖွဲ့တွေ၊ သက်ဆိုင်ရာခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီး စားပွဲဝိုင်း ပြန်လာဖို့ပါပဲ။ သူတို့ပြန်လာရင်တော့ ကောင်းပါတယ်။ ဒါမှ အများစုပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်ပြီးဆောင်ရွက်လို့ရမှာပေါ့"

တပ်မတော်က အခုလ ၂၁ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ့နဲ့ ငြိမ်းချမ်ရေးကိစ္စတွေ ဆွေးနွေးနိုင်ဖို့ ဖွဲ့စည်းပေးလိုက်တဲ့ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ထဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ထွန်းထွန်းနောင်၊ သန်းထွန်းဦးတို့ အပါအဝင် ဒုတိယဗိုလ်ချုပ်ကြီး ၇ ဦးနဲ့ သက်ဆိုင်ရာ တိုင်းရင်းသားနယ်မြေတွေက တိုင်းမှူးတွေ ပါဝင်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

 

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org