မင်းပြားမှာ တပ်မတော်နဲ့ AA တိုက်ပွဲကြောင့် ဒေသခံလေးဦးသေဆုံး

ဒီကနေ့ နေ့လယ်၂ နာရီနဲ့ ၃ နာရီကြားလောက်မှာ ဒေသခံရွာသားတွေ ခိုလှုံနေတဲ့ မင်းပြားမြို့နယ် စပါးထားကျေးရွာက ဘုန်ကြီးကျောင်းထဲကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာဖြစ်ပြီး ဒေသခံရွာသား လေးယောက်သေဆုံးကာ ခြောက်ယောက် ဒဏ်ရာရှိခဲ့တာပါ။

ကျည်ထိမှန်ခဲ့တဲ ဒေါ်နှင်းဝင်းရီ ကို မြောက်ဦးဆေးရုံမှာ ၂၀၁၉ ဇွန် ၃ ရက်နေ့က တွေ့ရစဉ် ဓါတ်ပုံ - ကရုဏာလှိုင်း သွေးအလှူရှင်များအသင်း - မြောက်ဦး

ဒီကနေ့ နေ့လယ်၂ နာရီနဲ့ ၃ နာရီကြားလောက်မှာ ဒေသခံရွာသားတွေ ခိုလှုံနေတဲ့ မင်းပြားမြို့နယ် စပါးထားကျေးရွာက ဘုန်ကြီးကျောင်းထဲကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာဖြစ်ပြီး ဒေသခံရွာသား လေးယောက်သေဆုံးကာ ခြောက်ယောက် ဒဏ်ရာရှိခဲ့တာပါ။

စပါးထားကျေးရွာမှာ လူဦးရေ ၁၀၀ ကျော်လောက် ခိုလှုံနေတာဖြစ်ပြီး လက်နက်ကြီးကျည်ကြောင့် ဒေသခံရွာသားတွေ သေဆုံးတဲ့အခြေအနေကို စပါးထား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဇင်အောင်က RFA ကိုအခုလိုပြောပါတယ်။

"၂ နာရီနဲ့ ၃ နာရီပတ်ဝန်းကျင်မှာ ဘုန်းကြီးကျောင်းနားကို လက်နက်ကြီးကျတာပါ၊ ရွာသူရွာသားတွေက ဘုန်ကြီးကျောင်းအောက်မှာ မနေ့ကတည်းက တိုက်ပွဲဖြစ်နေတော့ အဲဒါကြောင့် ကျွန်တော်တို့က ဘုန်းကြီးကျောင်းမှာ ရွာသူရွာသားတွေ စုရုံးပြီးတော့ ပုန်းနေရပါတယ်၊ ၂ နာရီကျော်နဲ့ ၃ နာရီကြားထဲမှာ အဲလိုလက်နက်ကြီးကျည်ကျပြီးတော့ လူ လေးဦးဆုံးသွားတယ်၊ ခြောက်ယောက်ဒဏ်ရာရတယ်၊ သူတို့ကို ကျွန်တော်တို့ မင်းပြားကို ပို့ဆောင်ထားပါတယ်၊ အခုအခြေအနေက ငြိမ်သွားပါပီ၊ လူဦးရေ ၁၀၀ ကျော်လောက် ခိုလှုံနေတာအကို"

ဒဏ်ရာရှိသူတွေကိုတော့ မင်းပြားဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဦးမျိုးဇင်အောင်က ပြောပါတယ်။

တိုက်ပွဲကြောင့် ရွှေတမာကျေးရွာမှာလည်း မနေ့က ညနေအထိ အသက် ငါးနှစ်အောက်ကလေး တစ်ယောက်အပါအဝင် ဒေသခံ ငါးယောက် သေနတ်ဒဏ်ရာရရှိခဲ့ပြီး ရွှေတမာကျေးရွာက လူဦးရေ ရှစ်ရာကျော် ရွာဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြရပါတယ်။

ရွာထဲကို လက်နက်ကြီးကျည် ကျရောက်မှာစိုးရိမ်တဲ့အတွက် ရွာသားတွေအားလုံး မနေ့ကတည်းက အခုထိ ခိုလှုံနေရတယ်လို့ ရွှေတမာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက RFA ကိုပြောပါတယ်။

"ဟုတ်ပါတယ် တိုက်ပွဲကတော့ ၂ နာရီကျော်လောက်ကနေ စဖြစ်တာပါ၊ ကျွန်တော်တို့ ရွှေတမာနဲ့ အောင်တိုင်အကြားမှာ ဖြစ်တာပါ၊ တစ်ရွာလုံးပဲ ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်နေပါတယ်၊ လူဦးရေ အားလုံးပဲ ၈၂၂ ယောက်ပါ၊ ဟုတ်ပါတယ် ဟုတ်ပါတယ် ဘုန်းကြီးကျောင်း ရောက်နေပါတယ်၊ ရွာထဲမှာမနေဝံ့ပါ၊ တိုက်ပွဲကဖြစ်နေတာ မဟုတ်ပါလား"

အဲဒီတိုက်ပွဲကြောင့် အောင်နိုင်ကျေးရွာက အသက် ငါးနှစ်အောက်ကလေး တစ်ယောက် ညာဘက်နို့အုံကနေ သေနတ်ကျည်ဆံဖောက်ထွက်သွားတဲ့အတွက် စိုးရိမ်ရတဲ့အနေအထားနဲ့ စောင့်ကြည့်နေရပြီး သေနတ် ဒဏ်ရာရရှိတဲ့ မြောင်းဘွေကျေးရွာက အမျိုးသမီးတစ်ယောက်ကတော့ ကျည်ဆံထုတ်လို့ မရတဲ့အတွက် မြောက်ဦးဆေးရုံကနေတစ်ဆင့် စစ်ဆွေဆေးရုံကို ဆက်လက်ပို့ဆောင်ထားရတယ်လို့လည်း သိရပါတယ်။

ဒဏ်ရာရှိထားတဲ့အခြေအနေကို မြောင်းဘွေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သောင်းရွှေက အခုလို ပြောပါတယ်။

"ဒဏ်ရာရတာကတော့ ကျွန်တော်တို့ မြောင်းဘွေက တစ်ယောက်ရတယ်၊ ကလေးတွေကို ထမင်းကျွေးနေရာမှာ ကျည်ဆံလာပေါက်တာလေ၊ ထမင်းကျွေးနေတာကျည်ဆံလာပေါက်တော့ မြောက်ဦးဆေးရုံရောက်သွားတယ်၊ နောက်ထပ်ကတော့ ဘင်္ဂါလီ သုံးယောက်ပေါ့၊ အောင်တိုင်က ကလေး တစ်ယောက် ငါးနှစ်သား ကလေးတစ်ယောက်တော့ ညာဘက်နို့အုံနားကဖောက်ပြီး နောက်ကျောကဖောက်သွားတယ်လေ၊ အဲကလေးကတော့ အခြေအနေမကောင်းဖြစ်နေတယ်၊ ကလေးကတော့ ဆရာဝန်ကိုမေးလိုက်တဲ့အချိန်မှာတော့ သေတော့မသေသေးဘူး ရှိသေးတယ်၊ သူ့အခြေအနေကတော့ ဆရာဝန်ကတော့ နည်းနည်းပါးပါး စိုးရိမ်ရတယ်လို့ပြောတယ်၊ လက်နက်တွေနဲ့ ပစ်ခတ်တုန်းပဲ အခုထက်ထိ၊ အခုထက်ထိပစ်တုန်းပဲလို့၊ သေနတ်ကျည်ဆံအငယ်တွေတော့ ကျတယ်၊ လက်နက်ကြီးတော့မကျ"

မနေ့က နှစ်နာရီလောက်ကနေ ည ရှစ်နာရီလောက်အထိဖြစ်ပွားတဲ့တိုက်ပွဲထဲမှာတော့ ရက္ခိုင့်တပ်တော်(AA)က သုံးယောက်ကျဆုံးပြီး လေးယောက် ဒဏ်ရာရရှိတယ်လို့ ရက္ခိုင့်တပ်မတော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ပြောပါတယ်။

"မနေ့က ၂၀၁၉ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ မင်းဗြားမြို့နယ် ရွှေတမာရွာနဲ့ အောင်တိုင်ရွာအကြားမှာ ဗမာစစ်တပ်တပ်ရဲ့ တပ်မ ၉၉ ကွပ်ကဲမှုအောက်ကရှိတဲ့ အမ်းတော်အခြေစိုက် ဒီ ခမရ ၄၁၇ နဲ့ ကျွန်တော်တို့ ဒီရက္ခိုင့်တပ်တော် ကွန်မန်ဒိုစစ်ကြောင်းတို့ နေ့လည် နှစ်နာရီကစပြီးတော့ ည ရှစ်နာရီကျော် ကိုးနာရီနီးပါးထိအောင်ပေါ့နော် အဲ့မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်၊ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ခဲ့တာပေါ့ဗျ၊ အဲ့တော့ အဲမှာ ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ဘက်ကလည်းပဲ စစ်သည်တော် သုံးဦး အရက္ခတိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးခဲ့ရတာရှိပြီးတော့ နောက်ထပ် လေးဦးလည်းပဲ ဒဏ်ရာရရှိခဲ့တာရှိတယ်၊ ဒီနေ့လည်း တိုက်ပွဲကတော့ ဆက်ဖြစ်နေတယ်ဗျ"

ဒီကနေ့မှာလည်း တိုက်ပွဲပြင်းထန်စွာဖြစ်နေပြီး ထိခိုက်ကျဆုံးမှု အသေးစိတ်ကို ထပ်မသိရသေးဘူးလို့ ခိုင်သုခက ဆိုပါပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA ကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ တိုက်ပွဲဖြစ်ပွားတာမှန်ကန်ပြီး နှစ်ဘက်ကျဆုံးမှုတွေရှိကြောင်း အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

"မနေ့က နေ့လယ်ပိုင်းနဲ့ ညနေပိုင်းဖြစ်တယ်လို့တော့ သိရတယ်ခင်ဗျ၊ ထိခိုက်ကျဆုံးမှုအခြေအနေကတော့ နှစ်ဘက်လုံးမှာရှိတယ်လို့ သိရတယ်၊ ကျွန်တော်တို့ အရေအတွက်တော့ မသိရဘူးဗျ၊ ဒီမနက်ပိုင်းမှာတော့ ထိတွေ့မှုလေးတွေ ရှိနေတုန်းပဲဗျ၊ ကျွန်တော်တို့အရေအတွက်လည်း မသိရသေးဘူး ဘယ်သူတွေထိခိုက်ကျဆုံးတယ်ဆိုတာလည်း မသိရသေးဘူးဗျ၊ နှစ်ဘက်လုံး အထိအခိုက်ကျဆုံးမှုရှိတယ်ဆိုတာပဲ ကျွန်တော်သိရတယ်"

ဒီကနေ့ ဇွန်လ ၃ ရက်နေ့မှာလည်း တိုက်ပွဲပြင်းထန်စွာ ဆက်ဖြစ်နေတဲ့အတွက် ဒေသခံရွာသားတွေဟာ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာပဲ ဆက်လက်ခိုလှုံနေရဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလလောက်ကတည်းက တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး နှစ်ဘက် ထိခိုက်ကျဆုံးတဲ့စာရင်းကို တရားဝင် ထုတ်ဖော်ပြောဆိုတာ မရှိသေးသလို နှစ်ဘက် သေဆုံးတဲ့စာရင်းကို RFA က သီးခြားအတည်မပြုနိုင်သေးပါဘူးခင်ဗျာ။

အဲဒီတိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုအပေါ် RFA ကပြုစုထားတဲ့စာရင်းအရ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ဒီကနေ့အချိန်ထိ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲတွေအတွင်း အရပ်သား ၅၂ ယောက်သေဆုံးပြီး ဒဏ်ရာရရှိသူ ၉၀ ကျော်လောက်ရှိပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org