အစိုးရတပ်နဲ့ DKBA ကြား တိုက်ပွဲပြန်ဖြစ်
မြဝတီနဲ့ ကော့ကရိတ် ဆက်သွယ်ထားတဲ့ အာရှလမ်းသစ်အနီးမှာ အစိုးရတပ်ဖွဲ့တွေနဲ့ DKBA တပ်ဖွဲ့တွေ မနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်မှုတွေရှိတယ်လို့ DKBA တပ်ဖွဲ့က ပြောပါတယ်။
-
2015-07-03 -
-
-
မြဝတီနဲ့ ကော့ကရိတ် ဆက်သွယ်ထားတဲ့ အာရှလမ်းသစ်အနီးမှာ အစိုးရတပ်ဖွဲ့တွေနဲ့ DKBA တပ်ဖွဲ့တွေ မနေ့မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်မှုတွေရှိတယ်လို့ DKBA တပ်ဖွဲ့က ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာဟာ အစိုးရစစ်တပ်က လူကြီးလမ်းကြောင်းရှိတဲ့အတွက် အာရှလမ်းသစ်မှာ တပ်စွဲထားတဲ့ DKBA တပ်ကို ဖယ်ခိုင်းရာမှာ၊ DKBA က ငြင်းဆန်ခဲ့တဲ့အတွက်ဖြစ်တယ်လို့ ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောပါတယ်။
"လုံခြုံရေးယူပြီးမပြန်မှာ ကျနော်တို့က စိုးရိမ်တယ်၊ သူတို့နေရာယူလိုက်လို့ရှိရင် မပြန်တော့ဘူး၊ ဟိုတလော ကယူတယ်၊ နှစ်ရက် သုံးရက်ဆိုပြီး ဆယ်ရက် ဆယ့်ငါးရက်ကြာသွားတယ်၊ အဲ့ဒါတွေကျနော်တို့စိုးရိမ်တယ်၊ ကျနော်တို့မြို့ထဲမှာ ဖြတ်သွားဖြတ်လာလည်းမရ ဒီတောတောင်ထဲမှာလဲ နေလို့မရဘူးဆိုတော့ ဘယ်လိုပြော ရမလဲ ဖိနှိပ်မှုအဲ့လိုခံရတာတွေကို တုန့်ပြန်တာပေါ့"
အစိုးရတပ် စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၁ က လက်နက်ကြီးနဲ့ စပစ်ပြီးတဲ့နောက် တိုက်ပွဲတွေဖြစ်ပွား ခဲ့တာလို့ ဆိုပါတယ်။
DKBA ဘက်က ၃ဦးဒဏ်ရာရရှိခဲ့ပြီး အစိုးရတပ်ဘက်မှာလည်း အထိအခိုက်ရှိနိုင်ပေမဲ့၊ အတိအကျမသိရဘူးလို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် အာရှလမ်းသစ် မနေ့က စတင်ပိတ်သွားခဲ့ပြီး ခရီးသွားတွေ လမ်းဟောင်းကသာ သွားလာနေကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။