ဟူးကောင်းဒေသမှာ ကချင်နဲ့ အစိုးရ တိုက်ပွဲဖြစ်

ကချင်ပြည်နယ် ဟူးကောင်းဒေသ ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာရဲ့ အနောက်ဘက် ချောင်းဆုံရွာဘက်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်တွေအကြား ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ် Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဟူးကောင်းဒေသ ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာရဲ့ အနောက်ဘက် ချောင်းဆုံရွာဘက်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်တွေအကြား ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ချောင်းဆုံဆိုတဲ့ရွာဟာ တရားမဝင် ရွှေတူးဖော်နေတဲ့နေရာဖြစ်ပြီး အဲ့ဒီနားမှာ တိုက်ပွဲဖြစ်တာလို့ အမည်မဖော်လိုတဲ့ ရှဒူးဇွပ်ရွာသားတစ်ဦးက ပြောပါတယ်။

"တရားမဝင်လုပ်နေတဲ့ဟာကို စစ်တပ်က သွားသိမ်းဆည်းရင်းနဲ့ ထိပ်တိုက်တွေ့ကြတာပေါ့၊ သေနတ် သံတော့ကြားနေရတယ်၊ ရွာတွေနဲ့တော့မနီးဘူးဝေးတယ်၊ ရှဒူးဇွပ်ကျေးရွာရဲ့ အနောက်ဘက်လောက် သွားကျတယ်၊ ချောင်းဆုံနားမှာဖြစ်တာပေါ့"

အစိုးရတပ်မတော်ဘက်က မိုးကောင်းအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ် ( စကခ-၃ ) လက် အောင်ခံ ခမရ ၃၈၁၊ ခမရ ၃၈၂ စတဲ့ တပ်တွေနဲ့ ကေအိုင်အေရဲ့ တပ်မဟာ ၂ လက်အောက်ခံ တပ် ရင်း ၁၄ တို့ နှစ်ဖက်အပြန် အလှန် တိုက်ခိုက်နေကြတာပါ။

တိုက်ပွဲဖြစ်ရတာဟာ တပ်မတော်က တရားမဝင်းရွှေတွင်းတွေကို သွားရောက်ရှင်းလင်းချိန်မှာ ကေအိုင်အေတပ်တွေ က မိုင်းထောင်တိုက်ခိုက်တာကြောင့်လို့ ပြောသလို အစိုးရယာဉ်တန်းတွေ တက်လာလို့  ကေအိုင်အေက တိုက်ခိုက် တာဖြစ်ကြောင်း တိုက်ပွဲနဲ့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။

မြစ်ကြီးနားအခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့ဝင်ဖြစ်သူ ဦးဆန်းအောင်က အသေးစိတ်မသိပေမဲ့ တိုက်ပွဲဖြစ်တာ မှန်ကန်ကြောင်း ပြောပါတယ်။

ဖားကန့်၊ တနိုင်း မိုးကောင်းမြို့နယ်တွေနဲ့ ထိစပ်နေတဲ့ အဲ့ဒီ ဟူးကောင်းချိုင့်ဝှမ်းဒေသတစ်ဝိုက်မှာ လုပ်ငန်းရှင် တချို့ဟာ ဒေသအာဏာပိုင် နဲ့ ကေအိုင်အေတို့ကို ငွေကြေးတွေပေးပြီး ရွှေတူးဖော်လုပ်ကိုင်နေတာလို့သိရပါတယ်။

အဲ့ဒီဒေသမှာ တိုက်ပွဲမဖြစ်ဘဲ အတန်ကြာငြိမ်နေရာက အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပြန်ဖြစ်နေပြီး ဖားကန့်ဒေသ ဘက်မှာလည်း အစိုးရနဲ့ ကေအိုင်အေ နှစ်ဘက်တပ်တွေအကြား စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org