NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေနဲ့ တပ်မတော်တို့ သီးသန့်တွေ့ဆုံမှုမရှိ
AA ရခိုင်အဖွဲ့ပါဝင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC အဖွဲ့နဲ့ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် တွေ့ဆုံမှုမရှိခဲ့ဘူးလို့ သိရပါတယ်။
-
2019-03-22 -
-
-
AA ရခိုင်အဖွဲ့ပါဝင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC အဖွဲ့နဲ့ တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် တွေ့ဆုံမှုမရှိခဲ့ဘူးလို့ သိရပါတယ်။
ဒီနေ့ တပ်မတော်နဲ့ တွေဆုံဆွေးနွေးတာ မရှိခဲ့ဘူးလို့ နေပြည်တော်ကိုရောက်နေတဲ့ AA အဖွဲ့က အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက RFA ကို ပြောပါတယ်။
အဲဒီ FPNCC အဖွဲ့ဝင်တွေလည်း ဒီနေ့ နေပြည်တော်ကနေ ပြန်တော့မယ်လို့ သိရပါတယ်။
နေပြည်တော်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲကိုတက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့ တဖွဲ့ချင်းစီ တပ်မတော်ညှိနှိုင်းဆွေးနွေးရေး အဖွဲ့က ဒီနေ့ သီးသန့် ထပ်မံတွေ့ဆုံမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် FPNCC အဖွဲ့ဝင်တွေကတော့ ၄ ဖွဲ့ ဒါမှမဟုတ် FPNCC အနေနဲ့သာ တပ်မတော်နဲ့ တွေ့ဆုံဖို့လိုလားတယ်လို့လည်း သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဆွေးနွေးပွဲမှာပါဝင်တဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မနေ့က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ တွေ့ဆုံခဲ့ရာမှာ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေ လျှော့ချရေး ဆက်လက်ညှိနှိုင်းဖို့၊ ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံပြည်သူအရေးကို နှစ်ဖက်လုံးက အလေးထားဖို့ စတဲ့ အချက် ၅ ချက်ကို သဘောတူခဲ့ကြပါတယ်။
မနေ့က ဆွေးနွေးပွဲကို FPNCC အဖွဲ့ဝင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ဒုတိယဥက္ကဋ္ဌ ၂ စဝ်ခွန်ဆိုင်၊ UWSA “ဝ” အဖွဲ့က မြောက်ပိုင်း မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ဦးအားမင်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုကော်မတီဝင် ဦးဘရန်နန်၊ AA ရခိုင်အဖွဲ့က အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး ကျော်ဟန်နဲ့ UNFC အဖွဲ့က KNPP ဗဟိုကော်မတီဝင် ခူတော်ရယ် စတဲ့သူတွေ တက်ရောက်ခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့လိုက်တာပါ။