အစိုးရတပ်နဲ့ PNLO ပူးပေါင်းတပ်တွေ RCSS အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားတာမရှိ

ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်မှာ အစိုးရတပ်မတော်၊ PNLO ပူးပေါင်းတပ်ဖွဲ့နဲ့ RCSS တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှာ ပန်ပိကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်တယ်ဆိုတဲ့ သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကို ပြောပါတယ်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကို တွေ့ရစဉ်

ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်မှာ အစိုးရတပ် နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ပူးပေါင်းတပ်တွေက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားရာမှာ ပန်ပိကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်တယ်ဆိုတဲ့ သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကို ပြောပါတယ်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်အနေနဲ့ တပ်မတော်နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တာ မရှိသလို ဒီဇင်ဘာ ၄ ရက်နေ့ မနေ့က အဲဒီဒေသမှာ တိုက်ပွဲ ဖြစ်ပွားတာမရှိကြောင်းလည်း ပြောပါတယ်။

ရှမ်းတိုင်းရင်းသားသတင်းဌာန Tai Freedom က  ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် ပန်ပိကျေးရွာကို PNLO တပ်ဖွဲ့နဲ့ တပ်မတော်က ပူးပေါင်းပြီး လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နေအိမ်တွေ မီးလောင်ခဲ့တယ်ဆိုပြီး ဒီနေ့ ရက်စွဲနဲ့ သတင်း ရေးသားခဲ့တာဖြစ်ပါတယ်။

အဲဒီရေးသားချက်နဲ့ ပတ်သက်ပြီး PNLO က ကြေညာချက် ထုတ်ပြန်သွားမယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/ PNLA နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/ SSA တို့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးစာချုပ် NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့လိုက်တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org