မိုင်းရှူးမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်းက SSPP/SSA တပ်တွေအခြေစိုက်တဲ့ မိုင်းရှုးမြို့နယ်ထဲက စခန်းတွေကို မြန်မာအစိုးရ တပ်တွေက ဒီနေ့မနက်မှာ လက်နက်ကြီးတွေ ပစ်ပြီးထိုးစစ်ဆင်နေလို့ SSPP/SSA တပ်တွေဘက်က တာဆမ်ပူးတပ် စခန်းကို ဆုတ်ခွာပေးလိုက်ပြီး၊ ဒေသခံရွာသားတွေလည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။ Photo courtesy of SSPP/SSA

ရှမ်းပြည်နယ်မြောက်ပိုင်းက SSPP/SSA တပ်တွေအခြေစိုက်တဲ့ မိုင်းရှုးမြို့နယ်ထဲကစခန်းတွေကို မြန်မာအစိုးရ တပ်တွေက ဒီနေ့မနက်မှာ လက်နက်ကြီးတွေ ပစ်ပြီးထိုးစစ်ဆင်နေလို့ SSPP/SSA တပ်တွေဘက်က တာဆမ်ပူး တပ်စခန်း ကိုဆုတ်ခွာပေးလိုက်ပြီး၊ ဒေသခံရွာသားတွေလည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းဖြစ်နေတဲ့ နှစ်ဘက်တိုက်ပွဲတွေအတွင်း SSA အဖွဲ့ဘက်က ၅ ယောက်ကျဆုံးပြီး ၁၅ ယောက်ဒဏ်ရာရ ထားသလို၊ အစိုးတပ်ဘက်မှာလဲ အထိ အခိုက်အကျအဆုံးများလိမ့်မယ်လို့ SSPP/SSA  ရှမ်းပြည် တပ်မတော် မြောက်ပိုင်းအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

အခုလိုအခြေအနေကြောင့် SSA ကိုယ်စားလှယ်တစ်ဦးက ဝန်ကြီးဦးအောင်မင်းတို့နဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံဆွေးနွေးတဲ့အခါ မြန်မာ့တပ်မတော်ဘက်က အစိုးရအဖွဲ့ထံ အကြောင်းပြထားတဲ့ အချက်တွေက လက်တွေ့နဲ့ ကွဲလွဲနေတဲ့အတွက် အဖြစ်မှန်တွေရေးထားတဲ့စာတစ်စောင်ကို ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဆီ ဒီနေ့ပို့လိုက်တယ်လို့ ဗိုလ်မှူး ကြီးစိုင်းလက RFA ကို ပြောပါတယ်။

"ဦးအောင်မင်း၊ ဦးသိန်းဇော်တို့က တပ်ကအထက်ကိုတင်တဲ့အချက်ထဲမှာ ကျနော်တို့ သူတို့သွားတဲ့ လမ်းကြောင်းကို ပိတ်ဆို့တယ်၊ အဟန့်အတားလုပ်တယ်၊ နယ်မြေကျော်ပြီးတော့ စခန်းလုပ်တယ်၊ နောက် တပ်စခန်းကို ဝင်ရောက်ပစ်ခတ်တယ် ဆိုတဲ့ အချက်တွေပါတယ်လေ၊ အဲ့ဒီအချက်တွေက ကျနော်တို့လည်း နယ်မြေကျော်ပြီး စခန်းဆောက်တာမဟုတ်ဘူး၊ ကျနော်တို့တပ်တွေလွှတ်ပြီးတော့ ပစ်ခတ်တာလည်း မဟုတ်ဘူး၊ အဲ့ဒီဖြစ်စဉ်တွေ မမှန်ကန်တဲ့အကြောင်းတွေ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ် ဒုတိယ ဥက္ကဌဖြစ်တဲ့ ဒေါက်တာစိုင်းမောက်ခမ်းဆီ ဒီစာကိုတင်လိုက်တာ၊ ကျနော်တို့လည်း ဒီနေ့အစည်းဝေးထိုင် ပြီးတော့ စာတစ်စောင်ပို့လိုက်ပါတယ်"

တိုက်ပွဲဖြစ်နေတဲ့နေရာဟာ SSPP/SSA ရဲ့ ဝမ်ဟိုင်းဌာနချုပ်နဲ့ ၁၀ မိုင်အကွာ လောက်မှာဖြစ်ပြီး၊ အဲဒီနေရာ ဟာ တောင်ပိုင်းအဖွဲ့နဲ့မြောက်ပိုင်းအဖွဲ့တို့ ဆက်သွယ်နိုင်တဲ့နေရာဖြစ်တယ်လို့ဆိုပါတယ်။ အခုအခြေအနေမှာ တစ်ဘက်ကဆွေးနွေးတဲ့ နည်းကျင့်သုံးပြီး၊ တစ်ဘက်ကနေ မတရားတဲ့တိုက်ခိုက်မှုတွေကို ခုခံစစ်အနေနဲ့ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ SSPP/SSA အဖွဲ့က အောက်တိုဘာလ ၂၀ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

စစ်ပြေးဒုက္ခသည်တွေကို လောလောဆယ်မှာ ဝမ်ဟိုင်းဌာနချုပ်လုံခြုံရေးတပ်တွေက စောင့်ရှောက်ပေးထားတယ် လို့ ပြောပါတယ်။ SSPP/SSA အဖွဲ့ဟာ အရင်စစ်အစိုးရ နဲ့အပစ်ရပ်ခဲ့ပေမယ့် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပြီး၊ အခုတစ်ကြိမ် အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ အဆင်သင့် မဖြစ်သေးတဲ့ အဖွဲ့တွေ ထဲမှာ ပါဝင်နေပါတယ်။

ဗိုလ်မှူးကြီး စိုင်းလကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org