ဓါတုလက်နက်စက်ရုံ မဟုတ်ကြောင်း အစိုးရပြောကြား

ဇန်နဝါရီလ၂၅ ရက်ထုတ် ယူနတီဂျာနယ် မှာ ဖော်ပြထားတဲ့ မကွေးတိုင်း ပေါက်မြို့နယ်ကစက်ရုံဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံသာဖြစ်ပြီး ဓါတုလက်နက်စက်ရုံ မဟုတ်ကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

အတွဲ ၃၊ အမှတ် ၄ ယူနတီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လျှို့ဝှက်ဓါတုလက်နက်စက်ရုံပါသော မျက်နှာဖုံးပုံ photo: Facebook

ဇန်နဝါရီလ၂၅ ရက်ထုတ် ယူနတီဂျာနယ်မှာ ဖော်ပြ ထားတဲ့ မကွေးတိုင်း ပေါက်မြို့နယ်ကစက်ရုံဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံသာဖြစ်ပြီး ဓါတုလက်နက်စက်ရုံ မဟုတ်ကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဒုဝန်ကြီး က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့  ဓါတုလက်နက်မထုတ်လုပ်ဖို့ ဂျီနီဗာကွန်ဗန်းရှင်းမှာ လက်မှတ်ထိုးထားပြီး ဖြစ် တာကြောင့် Unity Journal မှာ ဖော်ပြခဲ့သလို ဓါတုလက်နက်စက်ရုံဆိုတာ မဟုတ်မှန်ကြောင်း RFA က ဆက်သွယ်မေးမြန်းစဉ်မှာ ဦးရဲထွဋ်က ဖြေကြား ခဲ့တာပါ။

“သူရေးထားတဲ့သဘောက ကျနော်တို့က ဓါတုလက်နက်တွေ chemical weapon တွေကို ထုတ်လုပ်နေတယ်လို့ အဓိပ္ပာယ်ပေါက်အောင်လို့ သူကရေးထားတယ်၊ ကျနော်တို့နိုင်ငံက အဲဒါနဲ့ပတ်သက်လို့ ကွန်ဗန်းရှင်းမှာ ကျနော်တို့ လက်မှတ်ရေးထိုးထားတယ်၊ ဒါကြောင့်မို့ ကျနော်တို့က ဓါတုဗေဒလက်နက်တွေကို ထုတ်စရာအကြောင်းမရှိဘူး၊ ဒါဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေကို ထုတ်လုပ်တဲ့စက်ရုံ၊ ဒီမှာကျနော်တို့ ဓာတုလက်နက် ထုတ်လုပ်တယ်လို့ နိုင်ငံတကာကယူဆလို့ရှိရင် သူ့မှာကွန်ဗန်းရှင်းအရ ကျနော်တို့ကို သူတို့မေးမှာပေါ့”

ဒါ့အပြင်  UNITY JOURNAL ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက်လေးဦးကို ဖမ်းဆီးထိန်းသိမ်းထားတာဟာလည်း  နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်မှုနဲ့ အရေးယူထားတာဖြစ်ကြောင်း သူတို့အနေနဲ့ ကန့်သတ်တားမြစ်ထားတဲ့နယ်မြေထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သတင်းယူခဲ့တဲ့အတွက်ဖြစ်ကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ဝေခဲ့တဲ့ ယူနတီဂျာနယ်မှာ လျှို့ဝှက်ဓါတုလက်နက်စက်ရုံဆိုတဲ့ သတင်းဆောင်းပါး ဖေါ်ပြခဲ့ပြီးတဲ့နောက်၊ ဂျာနယ်ရဲ့ မကွေးတိုင်း ပေါက်မြို့နယ် ဌာနေသတင်းထောက် ကိုလူမော်နိုင်ကို ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၃၁ ရက်နေ့က ဖမ်းဆီးခဲ့ပြီး၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ ဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက်တွေဖြစ်တဲ့ ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နဲ့ ကိုစည်သူစိုးတို့ကို သတင်းတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org