မောင်တောမှာ မွတ်စလင်တွေ သတ်ဖြတ်ခံရမှု မဟုတ်မှန်ကြောင်း အစိုးရပြော

ရခိုင်ပြည်နယ် မောင်တောဒေသမှာ မွတ်စလင်တွေ တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းတွေဟာ မှားယွင်းနေကြောင်း၊ အဲဒီလို ဖြစ်ပျက်ခဲ့တာ မရှိကြောင်း သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြောလိုက်ပါတယ်။

ပုဂံမြို့မှာကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ က နိုင်ငံတော်သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် photo: RFA/ Kyaw Htoon Naing

ရခိုင်ပြည်နယ် မောင်တောဒေသမှာ မွတ်စလင်တွေ တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းတွေဟာ မှားယွင်းနေကြောင်း၊ အဲဒီလို ဖြစ်ပျက်ခဲ့တာ မရှိကြောင်း သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြောလိုက်ပါတယ်။

ပုဂံမြို့မှာကျင်းပနေတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဦးရဲထွဋ်က သတင်းထောက်တွေကို ရှင်းပြခဲ့တာပါ။

"AP မှာ မောင်တောမြို့နယ်မှာ ဘင်္ဂါလီတွေ တိုက်ခိုက်ခံရလို့ သေဆုံးမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတစ်ပုဒ်တွေ့တယ်၊ ကျနော်တို့ သိသလောက်တော့ အဲဒီဖြစ်စဉ်လုံးဝမရှိဘူး၊ သို့သော် သေချာအောင်လို့ဆိုပြီး ဒီကနေ့မနက်မှာ ကျနော်ကိုယ်တိုင် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ထွန်းကို ဆက်သွယ်မေးမြန်းတော့ သူကလည်း ဒီလိုဖြစ်စဉ်မရှိကြောင်း ပြောပါတယ်၊ နောက်ပြန်ကြားရေး ဝန်ကြီးဌာနကလည်း မောင်တောဒေသမှာရှိတဲ့ ရဲတပ်ဖွဲ့တွေကို ကွပ်ကဲနေရတဲ့ ရဲမှူးချုပ် တင်ကိုကိုနဲ့ အဆက်အသွယ်ရပါတယ်၊ သူကလည်း ဒီလိုဖြစ်စဉ်မျိုးလုံးဝမရှိဘူးလို့ ပြောပါတယ်၊ အဲဒီတော့ AP လို သတင်းဌာနအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ဆက်သွယ်အတည်ပြုခြင်းမရှိဘဲ ထည့်တယ်ဆိုတော့ ကျနော်လည်း မစဉ်းစားတတ်တော့ဘူး"

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်၊ ဒုချီးရာတန်မှာ ပြီးခဲ့တဲ့အင်္ဂါနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့က အကြမ်းဖက်မှုတစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် မွတ်စလင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အသတ်ခံခဲ့ရတယ်လို့ ကြားသိရကြောင်း ပြည်ပအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ Arakan Project အဖွဲ့က Chris Lewa ဆိုသူ အမျိုးသမီးတစ်ဦးက ပြောဆိုကြောင်း AP သတင်းက ဖေါ်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖို့ရှိတယ်လို့ ဒုဝန်ကြီးဦးရဲထွဋ်က ပြောပါတယ်။

အဲဒီရွာမှာပဲ ပျောက်ဆုံးသွားတဲ့ ရဲတပ်ကြပ်တစ်ဦးကိစ္စကိုလည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်းလည်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org