ကေအိုင်အို စခန်းကို လက်နက်ကြီးပစ်ခတ်မှုများပြား
2016.11.12

အစိုးရတပ်မတော်က ဝိုင်းမော်မြို့နယ်အတွင်းရှိ ကေအိုင်အို တပ်တွေအခြေစိုက်တဲ့ ဂီဒွန်တောင်က စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ နေ့စဉ်လိုလို ရှိနေဆဲဖြစ်ပြီး အခုတလော ပစ်ခတ်တာတွေက အရင်ကထက် ပြိုပီးများပြားလာတယ်လို့ ကေအိုင်အို အရာရှိတစ်ဦးက ပြောပါတယ်။
၂ လကျော်ကြာနေပြီဖြစ်တဲ့ ကေအိုင်အို နယ်မြေအတွင်းက အင်ခရမ်တောင်တန်းပေါ်ရှိ ဂီဒွန်တောင်ကုန်းကို တပ်မတော်ဖက်က လက်နက်ကြီးပစ်ခတ်တာတွေ အရင်ကထက် များပြားလာတဲ့အကြောင်း ကေအိုင်အို ပြန် ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက အခုလို ပြောပါတယ်။
"ဂီဒွန်ဘက်မှာတော့ တိုက်ပွဲက လက်နက်ကြီးနဲ့ ပစ်တာတော့ရှိပါတယ်။၂ ရက် ၃ ရက်လောက် ဆိုရင်တော့ သူတို့ပစ်တဲ့ပုံစံကတော့ အရင်ပစ်တာနဲ့စာရင်တော့ ထူးဆန်းတယ်လို့ ပြောလို့ရပါတယ်။ ဆက်တိုက်ပစ် တာတွေရှိတယ် ခါတိုင်းကတော့ တစ်နေ့ ၁၀ ကျော်၊ ၂၀ လောက်ပစ်တယ်။ အခု ၃ ရက်လောက်မှာတော့ ၄၀၊ ၅၀ ကြိမ်လောက် ပစ်တာတွေရှိတယ်၊ အဲဒါတော့ နည်းနည်းထူးဆန်းတယ်လို့ ပြောလို့ရပါတယ်"
အခုနောက်ပိုင်းမှာ မြေပြင်တိုက်ပွဲတွေ မရှိတော့ပေမယ့် ကေအိုင်အို ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်တာတွေရှိပါတယ်။