Great Well ဖိနပ်စက်ရုံကိစ္စ သုံးပွင့်ဆိုင်တွေ့ဆုံပွဲ အလုပ်ရှင်ပျက်ကွက်

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ Great Well ဖိနပ်စက်ရုံ ဆန္ဒပြအလုပ်သမားတွေ အရေး အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ဒီနေ့ ချိန်းဆိုထားရာမှာ အလုပ်ရှင်ဘက်က ပျက်ကွက်ခဲ့ပါတယ်။

လုပ်ခလစာနဲ့ နစ်နာကြေးမရဘဲ အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဂရိတ်ဝဲလ် ဖိနပ်စက်ရုံ အလုပ်သမားတွေကို ၂၀၁၈၊ အောက်တိုဘာ ၂၂ ရက်နေ့က ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ တွေ့ရစဉ် Photo: Aung Thain Kha/ RFA

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ Great Well ဖိနပ်စက်ရုံက ဆန္ဒပြနေတဲ့ အလုပ်သမားတွေအရေး အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ၃ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ဒီနေ့ ချိန်းဆိုထားရာမှာ အလုပ်ရှင်ဘက်ကမလာတဲ့အတွက် ပြေလည်မှုမရခဲ့ဘဲ မနက်ဖြန်မှာ ဆက်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

Great Well ဖိနပ်စက်ရုံက အလုပ်သမား ၇၆ ဦးကို လုပ်ခလစာနဲ့ နစ်နာကြေး မပေးဘဲ အလုပ်ထုတ်ခံလိုက်ရတဲ့ အတွက် အလုပ်သမားတွေဟာ စက်ရုံရှေ့နဲ့ တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့တာကြောင့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ချိန်းဆိုထားတာဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာ ချိန်းဆိုထားတဲ့ ဒီနေ့ ဆွေးနွေးပွဲကို အလုပ်ရှင်မလာတဲ့အတွက် ညှိနှိုင်းမှုမှာ ပြေလည်မှုမရဘဲ မနက်ဖြန်မှာ ထပ်မံဆွေးနွေးဖို့ ချိန်းဆိုထားတာလို့ အလုပ်သမားခေါင်းဆောင် ကိုဇော်မင်းသိန်းက ပြောပါတယ်။

အလုပ်ရှင်ကတော့ နိုင်ငံခြားခရီးလွန်နေတဲ့အတွက် ညှိနှိုင်းဆွေးနွေးပွဲကို လာရောက်နိုင်ခြင်း မရှိတာဖြစ်ကြောင်းနဲ့ မနက်ဖြန်မှာ ဖုန်းနဲ့ဆက်သွယ်ပြီး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ရွှေလင်ဗန်းစက်မှုဇုန် တာဝန်ခံကပြော ကြားကြောင်း ကိုဇော်မင်းသိန်းက RFA ကို ဒီနေ့ ပြောပါတယ်။

အဲဒီ စက်ရုံက တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး ၂၀၀၇ ခုနှစ်လောက်က စက်ရုံစတင်တည်ထောင်ခဲ့ရာမှာ ဥရောပနိုင်ငံတွေကို ဖိနပ်တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်ထုတ်ခံရသူတွေဟာ တစ်လကို လစာ တစ်သိန်းခွဲကနေ နှစ်သိန်း အထိ ရရှိသူတွေဖြစ်ပြီး အများစုက ဧရာဝတီတိုင်းအပါအဝင် တခြားတိုင်းနဲ့ ပြည်နယ်တွေကနေ ရန်ကုန်မြို့ကို ပြောင်းရွေ့လာရောက် လုပ်ကိုင်နေ သူတွေလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org