တရုတ် ၂ဝဝ ကျော်ကို နေ ထိုင်ခွင့်ကဒ်တွေ ထုတ်ပေးထား
ကချင်ပြည်နယ်အတွင်း လမ်းပန်ဆက် သွယ်ရေး၊ စိုက်ပျိုးရေး စတဲ့လုပ်ငန်းတွေမှာ လာရောက် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံ သား အယောက်နှစ်ရာကျော်ကို တစ်နှစ်ကြာနေထိုင်နိုင်တဲ့ အစိမ်းရောင်ကတ် Green Card ထုတ်ပေးထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူး ဦးစန်းလွင် က ပြောပါတယ်။
-
2016-08-12 -
-
-
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ်အတွင်း လမ်းပန်ဆက်သွယ်ရေး၊ စိုက်ပျိုးရေး စတဲ့လုပ်ငန်းတွေမှာ လာရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက်နှစ်ရာကျော်ကို တစ်နှစ်ကြာနေထိုင်နိုင်တဲ့ အစိမ်းရောင်ကတ် Green Card ထုတ်ပေးထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူး ဦးစန်းလွင် က ပြောပါတယ်။
မြစ်ကြီးနားမြို့က လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးမှာ တရားမဝင် တရုတ်နိုင်ငံသားတွေအရေးနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာ ဦးစန်းလွင်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"GC ကတော့ အစိမ်းရောင်ကတ်၊ သူကတော့ အခွန်ဆောင်ရတယ်၊ အခွန်ဆောင်ပြီးတော့မှ ဝင်ခွင့်ပေး တာပေါ့၊ ဒီမှာဖက်စပ်လုပ်ငန်းတွေရှိမယ်၊ ပြည်နယ်လုပ်ငန်းတွေမှာရှိမယ်၊ နောက်တစ်ခုက သူတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းတွေမှာရှိမယ်၊ အခွန်အခဆောင်တဲ့လုပ်ငန်းတွေမှာ GC ထုတ်ပေးတာပေါ့၊ GC, YC ဆိုတာလည်း ကျန်တဲ့လူထုတ်ပေးတာမဟုတ်ဘူး၊ တရုတ်နိုင်ငံသားကိုပဲ ထုတ်ပေးတာပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနှစ်နိုင်ငံနယ်စပ်မှာရှိနေလူတွေ၊ ဒီအတွက်ကို ကျနော်တို့က GC, YC ဆိုတာထုတ်ပေးတာပါ၊ GC ကတော့ များလိမ့်မယ်ဆိုတာ ပြည်နယ်အစိုးရအတွင်းမှာ စိုက်ပျိုးရေးလုပ်ငန်းတွေရှိမယ်၊ တချို့ ပြည်နယ်နဲ့ ဖက်စပ်လုပ်တဲ့ လုပ်ငန်းလေးတွေရှိမယ်၊ အဲ့လိုမျိုး စက်ရုံအလုပ်ရုံလေးတွေရှိမယ်၊ ဒီဟာမျိုးလေးတွေ ကျတော့ GC နဲ့ သွားတဲ့အခါ GC က ပိုများပါလိမ့်မယ်၊ ၂ဝဝ နဲ့ ၃ဝဝ ပတ်ဝန်းကျင်လောက်ရှိမှာပေါ့"
ပြည်ထောင်စုအစိုးရနဲ့ သဘောတူခဲ့တဲ့ မြစ်ဆုံရေကာတာလို စီမံကိန်းကြီးတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံ သားတွေကိုတော့ အခွန်ပေးဆောင်ဖို့ မလိုတဲ့ အဝါရောင်ကတ် Yellow Card ကို ထုတ်ပေးထားပြီး လောလော ဆယ်မှာ အဝါရောင်ကတ် ကိုင်ဆောင်သူ အယောက် နှစ်ဆယ်ကျော် ရှိပါတယ်။
ငြိမ်းချမ်းရေး မရရှိသေးတဲ့အတွက် တရားဥပဒေစိုးမိုးမှု အားနည်နေတာကြောင့် တရားမဝင် ရောက်ရှိလာတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးအရေးယူနေပေမယ့်လည်း နည်းလမ်းအမျိုးမျိုးနဲ့ ခိုးဝင်တာတွေရှိနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီတရုတ်နိုင်ငံသားတွေကို စစ်ဆေးရေးဂိတ်တွေကနေ ကွင်းရှောင်ပြီး အခကြေးငွေနဲ့ သယ်ယူပေး နေသူတွေ ရှိသလို တစ်ချို့ဟာ အစိုးရဝန်ထမ်းတချို့နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ အကာကွယ်ယူပြီး ဝင်ရောက်လာကြတာဖြစ် ပါတယ်။
ဒီလို တရားမဝင်ရောက်ရှိလာပြီး ရွှေတူးဖော်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၁၆ ယောက်ကို စက်ယန္တရားတွေ နဲ့အတူ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ဖားကန့်မြို့နယ် ရှဒူဇွတ်ကျေးရွာအနီးမှာ အစိုးရတပ်မတော်စစ်ကြောင်းက ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း ဝိုင်းမော်မြို့နယ်အတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပတ်သက်နေတဲ့ သစ်ခိုးဂိုဏ်းတွေကို တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းခဲ့ရာမှာ တရုတ်နိုင်ငံသား အယောက်တစ်ရာ့ငါးဆယ်ကျော်ကို မူးယစ်ဆေးဝါးတွေ ယာဉ်ယန္တရားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူး ဦးစန်းလွင် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က မြစ်ကြီးနားမြို့မှာ ဒီကနေ့ တွေ့ဆုံမေးမြန်းထားပါတယ်။