မုဒုံမြို့ ကြေးနန်းဆက်သွယ်ရေးရုံးကို လက်နက်ကိုင်တချို့ တိုက်ခိုက်မိုင်းခွဲ

မုဒုံမြို့ ဆက်သွယ်ရေးရုံးကို လက်နက်ကိုင်တချို့က ဒီကနေ့ မနက် ၆ နာရီကျော်လောက်က ဝင်ရောက်စီးနင်းပြီး မိုင်းခွဲ ဖျက်ဆီးလိုက်ကြတယ်လို့ သတင်း ရရှိပါတယ်။

မွန်ပြည်နယ် မုဒုံမြို့။ (Map: RFA) Map: RFA

အဲဒီ အမည်မသိ လက်နက်ကိုင်တွေနဲ့ နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပြန်အလှန် ပစ်ခတ်ကြရာမှာ အစောင့် ရဲတပ်ဖွဲ့ဝင် တဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ရန်ကုန်-မော်လမြိုင် မော်တော်ယာဉ်လိုင်း ပိုင်ရှင်တဦးက ပြောပါတယ်။

သေဆုံးတဲ့ အရေအတွက်နဲ့ ပတ်သက်ပြီး အတည်ပြုချက် ရဖို့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အချိန်အတော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ ချိန်ကိုက်မိုင်း ဝင်ကပ်သွားတာ ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဆက်သွယ်ရေး အဆောက်အအုံ အပေါ်ထပ် အနောက်ဘက်ခြမ်း ပွင့်ထွက်သွားတယ်လို့လည်း သိရှိရပါတယ်။

သေနတ်သမားတွေဟာ မုဒုံ-မော်လမြိုင် လိုင်းကားတစီးပေါ်က ခရီးသည်တွေကို ရပ်တန့် ဆင်းခိုင်းပြီး အခုလို ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် မုဒုံမြို့နဲ့ အနီးတဝိုက်မှာ ကမ်းရိုးတန်း တယ်လီဖုန်းတွေ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့လည်း ဒေသခံတွေထံက သိရှိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org