ကုလအတွင်းရေးမှူးချုပ် ဒုက္ခသည်တွေနဲ့တွေ့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ချီးကျူး

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူထားရက်စ်ဟာ မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်တွေကို ကော့စ်ဘဇားခရိုင်မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်နှင့် ကမ္ဘာ့ဘဏ် အကြီးအကဲ ဂျင်ယုံကင် တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းတွင် ၂ဝ၁၈ ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။ Photo: António Guterres via Twitter

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူထားရက်စ်ဟာ မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်တွေကို ကော့စ်ဘဇားခရိုင်မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ ဒီနေ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ စဉ်းစားလို့တောင် မရနိုင်လောက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကြားခဲ့ရပြီး ဒီမွတ်စလင် ဒုက္ခသည်တွေရဲ့ အခြေအနေဟာ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အိပ်မက်ဆိုးကြီးတခု ဖြစ်တယ်လို့လည်း သူ့ရဲ့ Twitter လူမှုရေးစာမျက်နှာမှာ ရေးသားထားပါတယ်။

စဉ်းစားလို့မရနိုင်လောက်တဲ့ သတ်ဖြတ်မှုတွေ၊ မုဒိန်းကျင့်မှုတွေကို ကြားခဲ့ရပြီး ဒုက္ခသည်တွေအနေနဲ့ တရားမျှတမှုနဲ့ လုံလုံခြုံခြုံ နေရပ်ပြန်ဖို့သာ လိုလားနေကြတယ်လို့ သူက ရေးပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ကမ္ဘာ့ဘဏ် အကြီးအကဲ ကင်မ်ယွန်ကင်နဲ့အတူ ရိုဟင်ဂျာ ဒုက္ခသည်တွေ၊ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ တသားတည်းဖြစ်ကြောင်း ပြသနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

မစ္စတာဂူထားရက်စ်ဟာ ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် ပိုပြီး ဖိအားပေးသွားမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောကြားထားပါတယ်။

နယ်စပ်တွေကို ပိတ်ပင်တားဆီးမှုတွေ ပိုများလာတဲ့ ကမ္ဘာကြီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နိုင်ငံသားတွေက မြန်မာဘက်က လာကြတဲ့ ညီအစ်ကိုမောင်နှမတွေကို လက်ခံပေးထားတဲ့အတွက် ချီးကျူးကြောင်း မစ္စတာဂူတားရက်စ်က မနေ့က ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org