ဂွမြို့နယ်မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်နေ

ဂွမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ ဒေသခံတွေအပေါ် ကုန်စည်သယ်ယူခွင့် ကန်သတ်မှုတွေကြောင့်လည်း စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်လပ်နေပါတယ်။

ဂွမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာသူများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ဓာတ်ပုံ

ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ ဒေသခံတွေအပေါ် ကုန်စည်သယ်ယူခွင့် ကန်သတ်မှုတွေကြောင့်လည်း စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်လပ်နေပြီလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက စက်တင်ဘာလ ၈ ရက်နေ့မှာ ပြောပါတယ်။

ဂွမြို့နယ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ သံတွဲမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော် (AA) က စက်တင်ဘာလ ၅ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနောက် ဂွမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပိုပြီးပြင်းထန်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် စစ်ကောင်စီက ဆန်ကိုအကန့်သတ်နဲ့ သယ်ခွင့်ပြုပေမဲ့ ဆေးဝါးတွေကို လုံး၀သယ်ယူခွင့်မပြုတော့ဘူးလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးသူတစ်ဦးက RFA ကို ပြောပါတယ်။

“စားနပ်ရိက္ခာနဲ့ ဆေး၀ါးပြတ်လပ်နေတယ်။ ဧရာ၀တီနဲ့ ဂွလမ်းကို လူကတော့ သွားလို့ရတယ်။ စားသောက်ကုန် သယ်ယူခွင့်ကိုတော့ အရင်ကလို မရေတာ့ဘူး။ လူတစ်ယောက်ကို သုံးပြည်လောက်ပဲ သယ်ခွင့်ပေးတယ်။ ကားတွေနဲ့မရဘူး။ ဆိုင်ကယ်တွေနဲ့ပဲ အသွားအပြန် သွားတဲ့သူတွေပဲ သယ်လို့ရတော့တယ်။ ဆေး၀ါးကတော့ လုံး၀သယ်လို့မရဘူး”

စစ်ကောင်စီက သြဂုတ်လ ၂၇ ရက်နေ့ကစလို့ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နဲ့ ရခိုင်ပြည်နယ် ဂွမြို့က အဝင်အထွက်လမ်းတွေကို ပိတ်ထားပြီး ဆန်အပါအဝင် စားနပ်ရိက္ခာ သယ်ယူခွင့်ကို ကန့်သတ်ထားတာလို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ဂွမြို့နယ်က တိုက်ပွဲတွေကြောင့် လူသုံးသောင်းခန့် ဧရာဝတီတိုင်းကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org