ရာသီတုပ်ကွေး H1N1 ကြောင့်သေဆုံးသူ ခြောက်ဦးရှိပြီ

ရာသီတုပ်ကွေး H1N1 ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ခြောက်ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရာသီတုပ်ကွေးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျောင်းသားနဲ့ ဆရာတွေ နှာခေါင်းစည်းတပ်ဆင်ထားစဉ်

ရာသီတုပ်ကွေး H1N1 ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ခြောက်ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၂၀ ရက်နေ့ မနေ့ကအထိ ရောဂါဖြစ်ပွားသူ ၁၆ ဦးရှိခဲ့ပြီး ရန်ကုန်တိုင်းမှာ ၅ ဦးနဲ့ စစ်ကိုင်းတိုင်းမှာ ၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးတို့မှာလည်း ဆေးရုံ၊ ဆေးခန်း၊ နယ်စပ်ဂိတ်ထွက်ပေါက်တွေမှာ စောင့်ကြည့် လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်နေပြီး ရောဂါဖြစ်ပွားသူလူနာတွေကိုလည်း သီးသန့်ထားရှိကာ ဆေးဝါးအလုံ အလောက်နဲ့ ကုသပေးနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း H1N1 ရောဂါပိုးတွေ့ရှိသူ ၄၀၆ ဦးရှိပြီး သေဆုံးသူ ၃၈ ဦးရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ H1N1 ရောဂါပိုးတွေ့ရှိသူ ၁၃ ဦးရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ဘူးလို့ သိရပါတယ်။

သေဆုံးသူ အများစုဟာ အသက်အရွယ်ကြီးရင့်သူတွေ၊ အသက်ငယ်လွန်းသူတွေ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါစတဲ့ နာတာရှည် ရောဂါ အခံရှိသူတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အသက်အရွယ်ကြီးရင့်သူတွေ၊ ရောဂါအခံရှိသူတွေ၊ ကလေးသူငယ်တွေကို ဂရုစိုက်ဖို့လိုပြီး အာဟာရပြည့်ဝအောင် စားသုံးတာ၊ အိပ်ရေးဝအောင် အိပ်စက်တာတွေ ဆောင်ရွက်ရမယ်လို့လည်း ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org