လေဆိပ်စီမံကိန်းအတွက် ကျူးကျော်တွေကို လျော်ကြေးပေး ဖယ်ရှားမည်
2017.12.02

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အနီးမှာ တည်ဆောက်မယ့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း ဧရိယာထဲမှာရှိနေတဲ့ ကျူးကျော်နေအိမ် ၁ ထောင်ကျော်ကို လျော်ကြေးပေး ဖယ်ရှားကာ မြေနေရာပြန်ပေးဖို့ ပဲခူးတိုင်းအစိုးရအဖွဲ့က စီစဉ်နေတယ်လို့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေက ဒီနေ့ ပြောပါတယ်။
လေယာဉ်ကွင်းရဲ့ မြောက်ဘက်ပိုင်းက မြေ ၂၈ ဧကပေါ်မှာ ပြန်လည်နေရာချထားပေးဖို့ စီစဉ်နေတာဖြစ်တယ်လို့ ပဲခူးမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးညွှန့်ရွှေက ပြောပါတယ်။
"ကျနော်သိတာကတော့ ဟံသာဝတီလေဆိပ်နဲ့ ပတ်သက်လို့ ကျူးကျော်တွေကို စာရင်းကောက်ပြီးပြီခင်ဗျ၊ တိုင်းဒေသကြီးအစိုးရက ပြီးခဲ့တဲ့ စက်တင်ဘာလောက်က စာရင်းကောက်ထားပြီးပြီ၊ အားလုံး ၁ ထောင်ကျော်ရှိပါတယ်၊ ကျူးကျော်တွေကို ပြန်ပြီးနေရာချပေးဖို့အတွက် လေယာဉ်ကွင်း ရဲ့ မြောက်ဘက်နားမှာ မြေ ၂၈ ဧက ရှိပါတယ်၊ အဲဒီထဲမှာ နေရာချပေးဖို့ လုပ်နေပါတယ်၊ လုပ်ပြီးတာနဲ့ သူတို့ကိုတစ်ခါတည်း နေရာလည်းချမယ်၊ ထိုက်သင့်တဲ့လျော်ကြေး၊ နစ်နာကြေးလည်း သူတို့ပေးပါလိမ့်မယ်"
အဲဒီစီမံကိန်းကိစ္စနဲ့ပတ်သက်ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မနေ့က လာရောက်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီစီမံကိန်းအတွက် တိုင်းအစိုးရအဖွဲ့က ကျူးကျော်တွေကို ရှင်းလင်းတာ၊ လေယာဉ်ကွင်းပတ်လမ်းလုပ်တာနဲ့ ခြံစည်းရိုးခတ်တာတွေ လုပ်ဆောင်ပေးရမှာ ဖြစ်တယ်လို့လည်း ဦးညွှန့်ရွှေက ပြောပါတယ်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းဧရိယာဖြစ်တဲ့ မြေဧက ၉ ထောင်ကျော်ထဲမှာ ရှိနေတဲ့ ကျူးကျော်တွေကို ဖယ်ရှားဖို့အတွက် လျော်ကြေးငွေတွေကို ဘယ်လိုနှုန်းထားတွေနဲ့ ပေးအပ်သွားမလဲဆိုတာတော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။
အဲဒီ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကို အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲ အကုန်ခံ တည်ဆောက် မယ့် ပြည်ပကုမ္ပဏီတွေက ဂျပန်နိုင်ငံက JGC Corporation, စင်ကာပူနိုင်ငံက Yongnam Holdings Ltd နဲ့ Changi Airports International တို့ ဖြစ်ကြပါတယ်။
အဲဒီလေဆိပ်ကြီးဟာ မြန်မာနိုင်ငံမှာ အကြီးဆုံးလေဆိပ် ဖြစ်လာမှာဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ်မှာ အပြီးသတ် ဆောက်လုပ်မှာဖြစ်ပါတယ်။ တစ်နှစ်ကို ခရီးသည် ၁၂ သန်း အဝင်အထွက်ရှိမှာလည်း ဖြစ်ပါတယ်။