မောင်တောဒေသကို HCYT လူငယ်အဖွဲ့တွေ သွားရောက်
2017.11.14
အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဘူးသီးတောင်၊ မောင်တောဒေသက ကျေးရွာ ၉ရွာလောက်မှာ စေတနာ့ဝန်ထမ်း လူငယ် ၄၀ ဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ စတင်ပေးနေပါတယ်။
ဒီနေ့အထိ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက ကျေးရွာ ၉ ရွာလောက်ကို စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ ကို ဆောက်ရွက်ခဲ့တယ်လို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လူငယ်အဖွဲ့က ကိုထက်ပိုင်စိုးက ပြောပါတယ်။
"ပထမဆုံးစာရင်းပေါ့နော်၊ Data collection လုပ်တယ်။ Data collection လုပ်ပြီးတော့မှ အဲဒါကို သူတို့ အတွက် အိမ်ထောင်စုစာရင်းနဲ့ လူဦးရေနဲ့ အတိအကျ packaging လုပ်တယ်။ packaging လုပ်ပြီးတော့မှ နောက်တစ်ရက်မှာ သွားပြီးတော့မှ အဲဒီပစ္စည်းတွေ သွားဖြန့်ဝေတာပေါ့နော်။ အဲလိုမျိုးဆိုတော့ ခုလောလောဆယ်ကတော့ နှစ်ရက်တာအတွင်းမှာတော့ ဘူးသီးတောင်ဘက်မှာတော့ ၅ ရွာ၊ ၆ ရွာလောက် ပြီးတယ်။ မောင်တောဘက်က ၃ ရွာလောက်တော့ ပြီးတယ်"
ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်နှစ်ခုမှာ အုပ်စုတွေခွဲပြီး စစ်တမ်းကောက်တာ၊ လိုအပ်ချက်တွေအတွက် အကူအညီပေးတာတွေကို တပြိုင်နက်တည်းဆောင်ရွက်တာဖြစ်သလို တိုင်းရင်းသားကျေးရွာတွေကို ဦးစားပေးဆောင်ရွက်တာဖြစ်တယ်လို့လည်းပြောပါတယ်။
ရခိုင်ပြည်နယ်မှာ အစိုးရရဲ့ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ၊ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီရဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်ရေးအတွက် စေတနာ့ဝန်ထမ်း လူငယ်တွေက လူငယ့်အတွက် ရက် ၂၀ စီမံချက်အနေနဲ့ ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။
မနေ့က သွားရောက်တဲ့ လူငယ်အဖွဲ့ဟာ ပထမဆုံးအသုတ်ဖြစ်ပြီး ရက် ၂၀ ပြီးရင် လူငယ် ၄၀ စီပါဝင်တဲ့ နောက်ထပ်အဖွဲ့တွေကို တစ်သုတ်ပြီးတစ်သုတ် ဆက်တိုက်ဆောင်ရွက်မှာဖြစ်ပါတယ်။