အပူချိန်မြင့်တက်မှုကြောင့် အပူရှောင်စခန်းတွေဖွင့်

မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့မှာ ဒီရက်ပိုင်း နေ့အပူချိန်တွေ မြင့်တက်နေပြီး အဲဒီမြို့တွေရဲ့ နေ့အပူချိန်တွေဟာ ၄၀ ဒီဂရီစင်တီဂရိတ်ကနေ အမြင့်ဆုံး ၄၄ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မန္တလေးမြို့က အပူရှောင်စခန်းတစ်ခုကို တွေ့ရစဉ် Photo: Citizen Journalist

မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့မှာ ဒီရက်ပိုင်း နေ့အပူချိန်တွေ မြင့်တက်နေပြီး အဲဒီမြို့တွေရဲ့ နေ့အပူ ချိန်တွေဟာ ၄၀ ဒီဂရီစင်တီဂရိတ်ကနေ အမြင့်ဆုံး ၄၄ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒီလို နေ့အပူချိန်တွေမြင့်တက်တာကြောင့် အပူရှပ်တဲ့ဝေဒနာ Heat Stroke ဖြစ်ပြီး အသက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

ပဲခူးပြည်သူ့ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်ကနေ မေ ၁ ရက်နေ့ထိ Heat Stroke ဖြစ်ပြီး ဆေးရုံတက်တဲ့ လူနာ ၁၂ ယောက်ရှိခဲ့ပြီး ၄ ယောက် သေဆုံးခဲ့တယ်လို့ ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က RFA ကို ပြောပါတယ်။

သေဆုံးသွားတဲ့ လူနာလေးယောက်က အသက် နှစ်ဆယ်ကျော်ကနေ ၅၀ကျော်အရွယ်ရှိတဲ့ အမျိုးသားတွေဖြစ်ပြီး အများစုက အရက်သောက်တာကြောင့် သေဆုံးတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ပဲခူးဆေးရုံကြီးကို မနှစ်က ဒီလိုအချိန်မှာ အပူရှပ်ပြီး ရောက်လာတဲ့လူနာမရှိခဲ့ဘဲ ဒီနှစ်မှ အပူရှပ်ပြီး ရောက်လာတဲ့လူနာတွေ ရှိလာတာလို့ ဒေါက်တာရန်နိုင်မောင် က ပြောပါတယ်။

မန္တလေးဆေးရုံကြီးမှာတော့ အပူရှပ်ပြီး ရောက်လာတဲ့ လူနာက တစ်ယောက်သာရှိပြီး အပူရှပ်ပြီး ရောက်လာတဲ့ လူနာတွေကိုကုသပေးဖို့ အဆင်သင့်ပြင်ဆင်ထားတယ်လို့ မန္တလေးပြည်သူ့ဆေးရုံကြီး ဆေးနှင့်လူမှုဆက်ဆံရေး ဦးစီးဌာနက ဦးမင်းလွင်က ပြောပါတယ်။ မန္တလေးမြို့မှာ ဒီရက်ပိုင်း နေ့အပူချိန်တွေ ဆက်တိုက် မြင့်တက်နေတဲ့ အတွက် ကျန်းမာရေးဦးစီးဌာနက ဦးစီးပြီး အပူရှောင်စခန်းတွေကို ဧပြီလကုန်ကစပြီး ဖွင့်လှစ်ထားတယ်လို့ တိုင်းကျန်းမာရေးဦးစီးမှူး ဒေါ်သန်းသန်းမြင့် က ပြောပါတယ်။

မန္တလေးခရိုင်အတွင်းက မြို့နယ်တွေနဲ့ မြင်းခြံမြို့နယ်၊ ညောင်ဦးမြို့နယ်တွေမှာ အပူရှောင်စခန်းတွေ ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ လေးနေရာ၊ ချမ်းမြသာစည်မြို့နယ်မှာ သုံးနေရာ၊ ချမ်းအေးသာစံမြို့နယ်မှာ လေးနေရာ၊ မဟာအောင်မြေမြို့နယ် သုံးနေရာ၊ ရမည်းသင်းမြို့နယ်မှာ တစ်နေရာတို့မှာ ဖွင့်ထားတယ်လို့ သိရပါတယ်။

ချောက်မြို့နယ်မှာလည်း ဒီနှစ်မှာ အမြင့်ဆုံး နေ့အပူချိန်က ၄၄ ဒီဂရီ စင်တီဂရိတ်ထိရှိတာကြောင့် ဒီနှစ်မှာ အပူရှောင်စခန်းတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ဌာနဆိုင်ရာတွေက ဦးစီးပြီး နယ်မြေ ၁၅ ခုမှာ အပူရှောင်စခန်းတွေ ဖွင့်လှစ်ပေးထားတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်း ကပြောပါတယ်။

ဒီနေ့ မန္တလေးမြို့မှာ အမြင့်ဆုံးအပူချိန်က ၄၂ ဒီဂရီစင်တီဂရိတ်ရှိပြီး၊ ပဲခူးမြို့မှာ ၄၀ ဒီဂရီစင်တီဂရိတ်၊ မကွေးမြို့မှာ ၄၄ ဒီဂရီ စင်တီဂရိတ်၊ ချောက်မြို့မှာ ၄၄ ဒီဂရီစင်တီဂရိတ်တို့ ရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org