ဘူးသီးတောင်မှာ လက်နက်ကြီးကြောင့် ရိုဟင်ဂျာ နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတွေ နေထိုင်တဲ့ ဆင်သီပြင်ရွာထဲကို လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နှစ်ဦးသေဆုံးတဲ့အပြင် နောက်ထပ်နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ကို တွေ့ရစဥ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတွေ နေထိုင်တဲ့ ဆင်သီပြင်ရွာထဲကို ဇန်နဝါရီလ ၁၅ ရက် ည ကိုးနာရီဝန်းကျင်မှာ လက်နက်ကြီးကျည်သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နှစ်ဦးသေဆုံးတဲ့အပြင် နောက်ထပ် နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ခြောက်နှစ်အရွယ် တောရှ်မီဒါ နဲ့ အသက် ၄၇ နှစ်အရွယ် အာဇော်လီတို့ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အသက် ၁၃ နှစ်အရွယ် နူရ်ကီယာနဲ့ အသက် ၁၈ နှစ်အရွယ် မာမောက်ရော်ဖိတို့ဖြစ်ပါတယ်။

၃၁ ဘုံဘုရားအနီး တောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆင်သီပြင်ရွာက ရိုဟင်ဂျာ အမျိုးသားတစ်ဦးက RFA ကိုပြောပါတယ်။

“မနေ့ကပစ်တာ ည ကိုးနာရီကျော်ကျော်ကပါ။ ၃၁ ဘုံအနီး စံဂိုးထောင်တောင်ကုန်းက ပစ်တာ။ အားလုံးရွာထဲကို သုံးလုံးကျပါတယ်။ နောက်ပြီးတော့ ရွာနားမှာ သုံးလုံးပါ။ ကျည်စထိပြီးတော့ တောရှ်မီဒါ ဆိုသူမှာ အူထွက်သွားတယ် တစ်ခါတည်း”

ဒဏ်ရာရရှိသူ နှစ်ဦးထဲက မာမောက်ရော်ဖိဟာ ဦးခေါင်းကို ထိမှန်ခဲ့တာကြောင့် ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သူက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ဦးလှသိန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ဆင်သီပြင်ရွာမှာ အိမ်ခြေ ၃၇၀ ဆောင်ဝန်းကျင်ရှိပြီး လူဦးရေ ၂၈၀၀ ဝန်းကျင် နေထိုင်ပါတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် လက်ရှိမှာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးခိုလှုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org