မင်းပြား၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမှာ လက်နက်ကြီးကြောင့် အရပ်သားသုံးဦးသေဆုံး
ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
-
RFA Burmese
2024-02-04 -
-
-
ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဖေဖော်ဝါရီလ ၃ ရက်နဲ့ ၄ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် မင်းပြားမြို့နယ် ငတန်းပျင်းရွာမှာ အသက် ၆၀ အရွယ် ဦးမောင်ဖြူချေ နေရာမှာတင် သေဆုံးသွားတယ်လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကိုပြောပါတယ်။
“သူက လယ်ထဲမှာရှိတဲ့စပါးတွေကို စောင့်နေတာပါ။ အဲဒီမှာ လက်နက်ကြီးကျပြီး ပွဲချင်းပြီးသေသွားတာ။ အဲဒီနေ့မှာပဲ သင်္ဂြိုဟ်လိုက်ပါတယ်။ ဒီမှာက တိုက်ပွဲတွေက နေ့စဉ်လိုလိုဖြစ်နေတာပါ။ စစ်တပ်ကလည်း လက်နက်ကြီးတွေနဲ့ နေ့တိုင်းလှမ်းပစ်နေပါတယ်”
ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာမှာလည်း ဖေဖော်ဝါရီ ၃ ရက်နေ့က စစ်တွေမြို့နယ်အခြေစိုက် အမှတ် (၂၃၂) တပ်ရင်းက ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
မြောက်ဦးမြို့နယ် သရက်ချိုရွာမှာလည်း ဖေဖော်ဝါရီ ၄ ရက်မနေ့က စပါးရိတ်သိမ်းနေတဲ့ ရွာသားတစ်ဦး လက်နက်ကြီးကျည်ထိမှန်ပြီး နေရာမှာတင် သေဆုံးခဲ့သလို တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
လက်နက်ကြီးကြောင့် အရပ်သားတွေ သေဆုံးနေတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရပါဘူး။
RFA က ပြုစုထားတဲ့စာရင်းအရ ရခိုင်မှာတိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကနေ ဒီနေ့အထိ အရပ်သား ၁၁၀ ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၅၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။