လယ်ယာမြေ ပြန်ရရေးကူညီမှု အတွက် NLD ရုံးကို ပအိုဝ်း အမျိုးသားတပ်လာဝိုင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု မောက် စံကျေးရွာက NLD ရုံးကို အစိုးရနဲ့ငြိမ်းချမ်းရေးရယူထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO လက်အောက်ခံ ပအိုဝ်း အမျိုးသားတပ်မတော် PNA က ပအိုဝ်းစစ်သား ၃ဝ ကျော်က မနေ့ည ၇ နာရီလောက်ကစပြီး မနက်အထိ လာဝိုင်းထား တယ်လို့ သတင်းရရှိပါတယ်။

တောင်ကြီးမြို့၊ နန်းဟောင်းကျေးရွာအုပ်စု မောက်စံကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို တွေ့ရစဉ် Photo: RFA/ Kyaw Myo Tun

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နန်းဟောင်းကျေးရွာအုပ်စု မောက်စံကျေးရွာက NLD ရုံးကို အစိုးရနဲ့ ငြိမ်းချမ်းရေးရယူထားတဲ့ ပအိုဝ်းအမျိုးသားအဖွ့ဲချုပ် PNO လက်အောက်ခံ ပအိုဝ်းအမျိုးသားတပ်မတော် PNA  က ပအိုဝ်းစစ်သား ၃၀ ကျော်က မနေ့ည ၇ နာရီလောက်ကစပြီး မနက်အထိ လာဝိုင်းထားတယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်က မောက်စံကျေးရွာမှာရှိတဲ့ PNO က သိမ်းဆည်းထားတဲ့လယ်မြေတွေ ကို ဒေသခံတောင်သူတွေက ဝင်ရောက်ထွန်ယက်ရာမှာ ဦးဆောင်ခဲ့တဲ့ NLD ပါတီဝင် တောင်သူ ဦးတဟန်နဲ့ ဦးတကျော်တို့ကို PNA စစ်သား ၃၀ လောက်က လာရောက်ဖမ်းဆီးခဲ့သလို မေလ ၁၅ ရက်ကလည်း ရပ်စောက်မြို့နယ်၊ ဆတ်သေကျေးရွာက NLD ပါတီဝင် မြေသိမ်းခံပအိုဝ်း တောင်သူ ၃ ဦးကို မောက်စံကျေးရွာကအပြန်လမ်းမှာ ထပ်မံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

မောက်စံကျေးရွာ NLD ရုံးက ဒေသခံတောင်သူတွေကို ကူညီတယ်ဆိုပြီး ရုံးကို ပအိုဝ်းစစ်သားတွေက ဝိုင်းခဲ့ကြတာလို့ သိရပါတယ်။

ဒီကိစ္စတွေအားလုံး ပြေလည်အောင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဌ ခွန်စံလွင်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ အဆင်ပြေမှုမရသေးပေမယ့် ဆက်လက်ကြိုးစားသွားမယ်လို့ ရှမ်းပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်ခင်မိုးမိုးက RFA ကို အခုလို ပြောပါတယ်။

"ဒီအောက်ခြေမှာရှိတဲ့ ပြောဆိုပြုမူမှုတွေ လွဲမှားတာလေးတွေရှိတဲ့အပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက်အထင်အမြင် လွဲမှားတာကနေစတယ်လို့ ထင်ပါတယ်၊ တစ်ဖက်တောင်သူတွေက NLD ကို အားကိုးတယ်ဆိုပြီးတော့ ပြောကြဆိုကြလုပ်ကိုင်ဆောင်ရွက်ကြတဲ့အခါမှာ တစ်ဖက်ဒေသခံအဖွဲ့အစည်းတွေက NLD ကို အထင်အမြင်လွဲမှားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်၊ ဒါတွေကိုပြေလည်အောင် ကျွန်မတို့အမြဲကြိုးစားနေပါတယ်"

PNO က သိမ်းဆည်းထားတဲ့ လယ်ယာမြေစာရင်းကို ကောက်ယူရာမှာ ဦးဆောင်ခဲ့တယ်ဆိုပြီး မိမိရဲ့ခင်ပွန်း အဖမ်းခံခဲ့ရတာဖြစ်တယ်လို့ မောက်စံကျေးရွာနေ အဖမ်းခံရတဲ့တောင်သူ ၅ ဦးထဲက၁ ဦးဖြစ်တဲ့ ဦးတဟန်ရဲ့ဇနီးဖြစ်သူ ဒေါ်နန်းအွန်းက RFA ကို အခုလို ပြောပါတယ်။

"ပထမတုန်းက မြေသိမ်းထားတဲ့စာရင်းကို သူလိုက်ကောက်တယ်၊ အဲ့ဒါကြောင့်မို့ ဦးတဟန်ကိုမေးပြီးမှ ဦးဆောင်တယ်ဆိုပြီးတော့ ဝင်ဖမ်းတာ၊ ဦးတဟန်ကလည်း မြေကွက်တွေ အများကြီးပါပါတယ်"

ပြီးခဲ့တဲ့ ၁၉၉၆ ခုနှစ်မှာ PNO အဖွဲ့ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးရယူခဲ့ပြီးနောက် မောက်စံနဲ့ ထီဗွာရွာက တောင်သူ ၅၈ ဦးပိုင် လယ်ယာမြေဧက ၅၀၀ ကျော်ကို သိမ်းဆည်းခဲ့တာဖြစ်ပြီး မြေသိမ်းခံတောင်သူတွေအနေနဲ့ ၂၀၀၇ ခုနှစ်ကစပြီး PNO နဲ့ အစိုးရအာဏာပိုင်တွေထံ အကြိမ်ကြိမ်တိုင်ကြားခဲ့ပေမယ့် အရေးတယူဆောင်ရွက်ခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။

ဒီနေ့ညနေပိုင်းမှာတော့ ပထမဆုံးအဖမ်းခံခဲ့ရတဲ့ ရွာသား ၂ ဦးပြန်လွတ်လာပြီလို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ဒေသခံတွေကို အကူအညီပေးနေတဲ့ တောင်ကြီး NLD ပါတီက ဗဟိုကော်မတီဝင်၊ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org