ရွှေတစ်ကျပ်သား ၄၅ သိန်းကျော်အထိ ထပ်မံစံချိန်တင်မြင့်တက်
ပြည်တွင်းမှာ မတ်လ ၂၉ ရက် မွန်းလွဲပိုင်းအချိန် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၄၅ သိန်းကျော်အထိ အမြင့်ဆုံးရောက်ရှိနေတယ်လို့ ရွှေရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေနဲ့ ရွှေဝယ်ယူသူတွေက ပြောပါတယ်။
-
RFA Burmese
2024-03-29 -
-
-
ပြည်တွင်းမှာ မတ်လ ၂၉ ရက် မွန်းလွဲပိုင်းအချိန် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၄၅ သိန်းကျော်အထိ အမြင့်ဆုံးရောက်ရှိနေတယ်လို့ ရွှေရောင်းဝယ်ရေး လုပ်ကိုင်နေသူတွေနဲ့ ရွှေဝယ်ယူသူတွေက ပြောပါတယ်။
မတ်လ ၂၈ ရက် မွန်းလွဲပိုင်းမှာ ရွှေတစ်ကျပ်သား ၄,၃၈၅,၀၀၀ ကျပ်ရှိရာကနေ ညနေပိုင်းမှာ ကျပ် ၄၄ သိန်းကျော်ထိ ဈေးမြင့်တက်သွားခဲ့ပါတယ်။ မတ်လ ၂၉ ရက် မွန်းလွဲပိုင်းမှာတော့ ကျပ် ၄၅ သိန်းကျော်ထိ ထပ်မံဈေးမြင့်တက်ခဲ့ပြီး တစ်ရက်အတွင်း ကျပ်တစ်သိန်းထိ ခုန်တက်သွားခဲ့တာလို့ ရန်ကုန်မြို့တွင်း ရွှေအရောင်းအဝယ်လုပ်ကိုင်နေသူ တစ်ဦးက RFA ကိုပြောပါတယ်။
"မနေ့က ညနေပိုင်း ၄၄ သိန်းကျော်၊ အခုတော့ ၄၅ သိန်းကျော်ဖြစ်သွားပြီ။ အခု မွန်းလွဲပိုင်းမှာဖြစ်သွားတာ။ သုံးသောင်းပတ်ချာလည်အကျော်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်။ ရောင်းဈေး ဝယ်ဈေးကတော့ ကျပ်လေးသောင်း၊ ငါးသောင်းခွာတာမျိုးရှိတယ်။ အဓိကတော့ စီးပွားရေးအခြေအနေကျဆင်းတော့ ကျပ်ငွေတန်ဖိုး နည်းလာတာလည်း ပါတာပေါ့။ နောက် ဈေးကွက် ဝယ်လိုအားပိုများလာတာကြောင့်လည်းပါတယ်။ နောက် ကုန်ကြမ်းရှားပါးမှု အကြောင်းတွေကတော့ များပါတယ်"
ရန်ကုန်ဈေးကွက်ထဲမှာတော့ ရွှေပြန်ရောင်းသူအနည်းငယ်သာရှိပြီး ဈေးအမြင့်တန်းဖြစ်နေပေမယ့် ဝယ်ယူသူတွေ ကြိတ်ကြိတ်တိုးနေတယ်လို့ ရွှေဝယ်ယူသူ ရန်ကုန်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"နာမည်ကြီးရွှေဆိုင်တစ်ဆိုင်ပဲ နာမည်မပြောတော့ပါဘူး။ အတုံးဖြတ်စဝယ်တဲ့သူတွေ ကြက်ပျံမကျ စည်းကားနေတာ။ ကြိတ်ကြိတ်တိုးပဲ တန်းစီပြီး ဝယ်ကြရတယ်။ သုံးလေးကျပ်သား ဝယ်သူတွေက ပိုများတာပေါ့။ တစ်နိုင်တစ်ပိုင် ဝယ်သူတွေရော။ ရွှေဈေးဘယ်လောက်ရှိလဲဆိုတာကိုတော့ အပြင်မှာမပြောဖို့ စာရေးကပ်ပြီး သတိပေးထားတယ်။ တစ်ပဲ၊ နှစ်ပဲဝယ်သူတွေလည်း များတယ်။ အဓိက ပိုက်ဆံတန်ဖိုးမရှိတော့မှာ ကြောက်တာကိုး။ အခုပဲကြည့် ချက်ချင်းတက်နေတာ"
အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်ရှိခဲ့ရာကနေ အာဏာသိမ်း သုံးနှစ်ကျော်အတွင်းမှာ ကျပ် ၄၅ သိန်းကျော်အထိ ရောက်ရှိနေတာကြောင့် ကျပ် ၃၂ သိန်းကျော် မြင့်တက်နေတာဖြစ်ပါတယ်။
လက်ရှိ ပြင်ပဈေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ၄၅ သိန်းကျပ်ကျော် ပေါက်ဈေးရှိနေပေမယ့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကတော့ ကျပ် ၃၈ သိန်းကျော် (၃,၈၁၁,၀၀၀ ကျပ်) နဲ့ ရောင်းချဖို့ ရည်ညွှန်းဈေး သတ်မှတ်ထားပါတယ်။
YGEA ရဲ့ ရွှေတစ်ကျပ်သား ရည်ညွှန်းဈေးလည်း မတ်လ ၂၈ ရက်နေ့က ကျပ် ၃,၇၉၇,၆၀၀ ရှိရာကနေ မတ်လ ၂၉ ရက်နေ့မှာ ကျပ်တစ်သောင်းကျော် ဈေးမြင့်သွားတာတွေ့ရပါတယ်။
ရွှေဈေးနှုန်း မြင့်တက်လာအောင် ကစားသူတွေကို အရေးယူသွားမယ်လို့ YGEA က မတ်လ ၁၆ ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်ထားပေမယ့် လက်ရှိပြင်ပရွှေဈေးကွက်ထဲမှာတော့ တစ်ရက်ထက်တစ်ရက် ဈေးမြင့်တက်နေဆဲ ဖြစ်ပါတယ်။