အဆင့်မြင့် တိုင်းရင်းသားညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ ငြိမ်းချမ်းရေး ကိစ္စ အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် အစိုးရထံ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့စေလွတ်ဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ မနေ့က ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။
-
2015-06-13 -
-
-
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ ငြိမ်းချမ်းရေးကိစ္စ အမြန်ဆုံး တွေ့ ဆုံဆွေးနွေးနိုင်ဖို့အတွက် အစိုးရထံ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့စေလွတ်ဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်မူကြမ်းကိစ္စ အစိုးရနဲ့ ဆက်ဆွေးနွေးနိုင်ဖို့ အခု အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်တွေ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာတွေနဲ့ ပတ်သက်ပြီး အဖွဲ့ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန် က အခုလို ပြောပါတယ်။
“ဒီအစည်းအဝေးကတော့ လော်ခီးလာ ဆုံးဖြတ်ချက်အပေါ်မှာ ဆက်လက်ပြီးတော့ ဘယ်လိုအကောင် အထည် ဖော်ဆောင်ရမလဲ ဘယ်လိုရှေ့လုပ်ငန်းစဉ်ကို ဘယ်လိုလုပ်ဆောင်မလဲ ဒါကိုပဲ ဆက်ပြီးတော့ ဆွေးနွေးတာ ဖြစ်တယ်၊ အချက်ကတော့ ဒီအဆင့်မြင့်အဖွဲ့ ဖွဲ့တဲ့အပေါ်မှာ အစိုးရနဲ့တွေ့ဆုံဖို့ ဆက်လက်ဆွေးနွေးနိုင်ဖို့အတွက် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့ပြီးတော့ အစိုးရကိုအကြောင်းကြားဖို့ အဲ့ဒါဆုံးဖြတ်တာရှိတယ်၊ အဲ့ဒါ သူတို့ သွားပြီးတော့ ဒါကိုတင်ပြဖို့ ဒီအဖွဲ့ကလည်း ဆက်လက်ပြီးတော့ NCA ကိစ္စကို ဆက်လက်ဆွေးနွေးသွားဖို့ အဲ့ဒါ အမြန်ဆုံးဖြစ်ဖို့ ဆွေးနွေးတာဖြစ်တယ်“
ရန်ကုန်မြို့မှာ သွားရောက်ညှိနှိုင်းမဲ့ ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဦးနိုင်ဟံသာ၊ ပဒိုစောကွယ်ထူးဝင်းနဲ့ ဦးထွန်းဇော်တို့ သုံးယောက်ကို စေလွတ်မယ်လို့ သိရပါတယ်။
အပစ်ရပ်စဲရေးစာချူပ်မူကြမ်း ဆက်ဆွေးနွေးနိုင်ဖို့အတွက် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ဖွဲ့လိုက်တဲ့အပေါ်မှာလည်း လက်ရှိအစိုးရအပါအဝင် တပ်ပိုင်းဆိုင်ရာခေါင်းဆောင်တွေက ငြိမ်းချမ်းရေး ဆက်ဆွေးနွေးဖို့အတွက် ကသိကအောက်ဖြစ်နေပြီး ဘဝင်မကျမှုတွေ ရှိနေတယ်ဆိုတဲ့ ပြောဆိုသံတွေ လည်း နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ ထွက်ပေါ်နေပါတယ်။
အဲ့ဒီလိုထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ EAOs’ အဆင့်မြင် အဖွဲ့ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန် က အခုလို ပြောပါတယ်။
“ကျမတို့ တိုင်းရင်းသားဖက်က NCA ကို ဖြစ်ဖို့အတွက်ကတော့ စိတ်ထားပြီးတော့ ဒါကို အရေးကြီးတယ် ၊ ဖြစ်သင့်တယ် ပြီးတော့ NCA ထဲမှာ လိုအပ်နေတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို အရေးကြီးတဲ့ နိုင် ငံရေး အာမခံချက်တွေ ရှိဖို့ကတော့ အရေးကြီးတယ်၊ ဒါကတော့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေကလည်း ဒါအားလုံးက သဘောတူပြီးတော့ ဆက်လက်ဆွေးနွေးရမှာဖြစ်တယ်ပေါ့လေ၊ အစိုးရဖက်ကတော့ သဘောထားအမြင်ကတော့ ဘယ်လိုရှိမလဲ ကျမတို့ မသိဘူး၊ ဒါပေမယ့် ကျမတို့ ယုံကြည်တာ တစ်ခုကတော့ သူတို့ကလည်း တကယ်ငြိမ်းချမ်းရေးကို သူတို့ဖော်ဆောင်လိုတယ် ငြိမ်းချမ်းရေး ကိုလည်း သူတို့လိုလားတယ်၊ ဒီ ငြိမ်းချမ်းရေးရဲ့ လိုလားမှုအပေါ်မှာ ဒီတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ရနိုင်ဖို့အတွက်ကတော့ ဆက်လက်လုပ်ဆောင်ဖို့ ဆက်လက်ဆွေးနွေးဖို့ ကျမတော့ဒီလိုပဲ ယုံကြည်တာပေါ့နော်”
NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး အဲ့ဒီကတဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ထပ်မံပေါ်ပေါက်လာဖို့အတွက် အသစ်ဖွဲ့စည်းလိုက်တဲ့ EAO’ အဆင့်မြင့် အဖွဲ့အနေနဲ့ ဆက်လက်ကြိုးပမ်း သွားမယ်လို့လည်း ပြောသွားပါတယ်။