ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူဘာသာဝင်တွေကို ပြန်ပို့ဖို့ မြန်မာအစိုးရ တိုက်တွန်း
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်ကို အမြန်ဆုံးပြန် လည်ပို့ဆောင်ပေးဖို့ ဘင်္ဂလားဒေ့ရှ်သံအမတ်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးဟန်က မနေ့က ထမ်မံတိုက်တွန်းလိုက်ပါတယ်။
-
2019-09-06 -
-
-
Your browser doesn’t support HTML5 audio
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်ကို အမြန်ဆုံးပြန်လည်ပို့ဆောင်ပေးဖို့ ဘင်္ဂလားဒေ့ရှ်သံအမတ်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က မနေ့က ထမ်မံ တိုက်တွန်းလိုက်ပါတယ်။
နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘင်္ဂလားဒေ့ရ်ှသံအမတ်ကို ခေါ်ယူတွေဆုံပြီး မြန်မာနိုင်ငံကိုပြန်ဖို့ ဆန္ဒရှိနေတဲ့ ဟိန္ဒူဘာသာဝင် ၄၄၄ ယောက်ကို ဘင်္ဂလားဒေ့ရ်ှအစိုးရအနေနဲ့ အမြန်ဆုံးပြန်လည်ပို့ဆောင်ပေးဖို့ ထပ်မံတိုက်တွန်းလိုက်တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတင်းဘာဂနာနဲ့ စက်တင်ဘာ ၄ ရက်နေ့က တွေဆုံရာမှာ အဲဒီဟိန္ဒူဘာသာဝင်တွေကို အမြန်ဆုံးပြန်လည်ပို့ဆောင်ရေးအတွက် ဘင်္ဂလားဒေ့ရ်ှအစိုးရကို တိုက်တွန်းပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
မြန်မာအစိုးရဘက်က ခေါ်ယူဖို့ ၂၀၁၇ နှစ်ကုန်ပိုင်းကတည်းက ဘင်္ဂလားဒေ့ရ်ှအစိုးရကို စာရင်းပေးထားတဲ့အထဲမှာ ဒီဟိန္ဒူဘာသာဝင်တွေ ပါဝင်ပေမယ့် ဒီနေ့အထိ ပြန်မပို့သေးတာကြောင့် အခုလို ထပ်မံတိုက်တွန်းတာလို့ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး က ပြောပါတယ်။
“အစောပိုင်းကတည်း သူတို့ကို ပြန်လည်လက်ခံမယ်လိ့ု ဘင်္ဂလားဒေ့ရ်ဘက်ကို ကျနော်တို့ ပြောထားတာ၊ ပြောထားတော့ အဲဒီကတည်းက သူတို့ဘက်က မပို့သေးဘူး၊ မပို့သေးတဲ့အတွက် ထပ်ခါထပ်ခါ ပြောရတာပေါ့၊ အခုနောက်ဆုံး ထပ်ပြောတာပေါ့”
ဒီဟိန္ဒူဘာသာဝင်တွေဟာ မြန်မာနိုင်ငံကို ပြန်ဖို့ဆန္ဒရှိနေပေမယ့် ဒုက္ခသည်တွေ ဖြည့်ရတဲ့ လျှောက်လွှာတွေကို ဘင်္ဂလားဒေ့ရ်ှဘက်က ပေးမဖြည့်တာကြောင့် မြန်မာအစိုးရကို ပြန်ပို့ထားတဲ့ စာရင်းတွေထဲမှာ သူတို့ မပါဝင်သေးဘူးလို့ ဦးချမ်းအေးက ပြောပါတယ်။
လက်ရှိအချိန်ထိ မြန်မာပြည်ပြန်လာမယ့် လူ ၅ သောင်းဝန်းကျင် စာရင်းကို ဘင်္ဂလားဒေ့ရ်ှအစိုးရက ပေးထားတာပါ။
အဲဒီအထဲက လူနှစ်သောင်းကျော်ကို မြန်မာအစိုးရက စိစစ်ထားပြီး ကျေးရွာအလိုက် ပြန်လည်နေထိုင်ဖို့ အဆင့်သင့်ဖြစ်တဲ့သူတွေကို ၂၀၁၉ ဇန်နဝါရီလကစပြီး တစ်ကြိမ်ကို လူ ၅၀၀ နှုန်းနဲ့ ၇ ကြိမ်ခွဲပြီး လက်ခံဖို့ အကြောင်းပြန်ထားတယ်လို့ ဦးချမ်းအေးက ပြောပါတယ်။
ပြန်မယ့်လူစာရင်းထဲမှာ မပါပေမယ့် ဒီဟိန္ဒူဘာသာဝင်တွေကို အဲဒီကတည်းက ပြန်ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ်သံအမတ်က နှစ်နိုင်ငံ သံအမတ်တွေ တေ့ွဆုံစဉ်မှာ ပြောကြားထားပြီးဖြစ်တယ်လို့ ဦးချမ်းအေး ပြောဆိုချက်အရ သိရပါတယ်။
ဒီဟိန္ဒူဘာသာဝင်တွေ နေရပ်ပြန်ရောက်ရှိရေးအတွက် ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို အကူအညီတောင်းထားတယ်လို့လည်း ဦးချမ်းအေး က ဆက်ပြောပါတယ်။
“ကျနော်တို့ဆီကို မကြာခင်ကလာသွားတဲ့၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့၊ နောက်ပြီးရင် ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယတို့၊ တရုတ်တို့၊ နောက်ပြီးတော့ ဂျပန်တို့ပါ အကူညီတောင်းပြီးတော့ ကျနော်တို့က ပြောခိုင်းထားနေတာ၊ ဘင်္ဂလားဒေ့ရှ်ကို ပြောပေးပါလို့ သူတို့ကလည်း ပြောပေးတယ် ဒါပေမဲ့ မရသေးဘူး ခုချိန်ထိ”
သြဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို မြန်မာနိုင်ငံကို အချိန်မရွေးပြန်လိုပါက အစိုးရအနေနဲ့ ဟန့်တားမှာ မဟုတ်ကြောင်း ထည့်သွင်းထားတဲ့အတွက် နေရပ်ပြန်လိုတဲ့ ဟိန္ဒူဘာသာဝင်တွေကို အမြန်ဆုံးပြန်ပို့ဖို့ မေတ္တာရပ်ခံတာလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နေရပ်ပြန်မယ့်သူတွေစာရင်းမှာ ထည့်သွင်းပေးဖို့ ဟိန္ဒူဘာသာဝင်တွေက ဆန္ဒရှိနေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ဟိန္ဒူတွေနဲ့ အဆက်အသွယ်ရှိတဲ့ မောင်တောမြို့နယ်က ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီမော် က ပြောပါတယ်။
“ARSA အဖွဲ့ကလည်း ကြုံတဲ့နေရာမှာပေါ့လေ ဟိန္ဒူတွေ ပြန်သွားမယ်ဆိုလို့ရှိရင် ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့ဟာကို ကြားသိရတယ်၊ တွေ့လည်း တွေ့ရတယ်၊ အမည်မဖော်လို့တဲ့ သူတွေပေါ့လေ၊ အဲ့လိုမျိုးဖြစ်နေတဲ့အခါကျတော့ ဒီတိုင်းထွက်လာမယ်ဆိုတဲ့ဟာကို အင်မတန်စိုးရိမ်နေရတယ်၊ သူတို့ ထွက်လာလို့မရဘူး၊ ဒါကြောင့်မို့လို့ ဟိုဘက်မှာလည်း NGO တွေရှိတယ်၊ သံတမန်တွေ ရှိတယ်၊ သူတို့နဲ့ ညှိနှိုင်းပြီးတော့မှ စာရင်းကောက်မယ်ဆိုရင် သူတို့စာရင်းပေးပြီးတော့မှ ဒီကိုပြန်လာချင်တယ်ဆိုတာကို ကျနော်တို့ကိုလည်း တောင်းဆိုတယ်၊ အစိုးရကိုလည်း တောင်းဆိုပါတယ်ခင်ဗျ”
ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးအတွက် မိမိဆန္ဒအရဖြစ်ဖို့၊ ဘေးကင်းလုံခြုံမှုရှိစေဖို့နဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ဖို့အတွက် နှစ်နိုင်ငံအစိုးရက သဘောတူထားတဲ့အပေါ် ကြိုဆိုတယ်လို့ UNHCR က သြဂုတ် ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရ်ှစခန်းမှာရှိတဲ့ ဟိန္ဒူဒုက္ခသည်တွေက နေရပ်ပြန်လိုကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ သူတို့နေရပ်ပြန်နိုင်ရေး ကူညီပေးဖို့တောင်းဆိုကြောင်း ပြောထားတဲ့ရုပ်သံဖိုင်ကို RFA က ရရှိထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘန်ကောက်မှာရှိတဲ့ UNHCR ရုံးကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းရာ အရာရှိတစ်ဦးက ဘင်္ဂလားဒေ့ရ်ှစခန်းတွေကို သူတို့သွားရောက်ပြီး ဒုက္ခသည်တွေကိုမေးမြန်းရာ မြန်မာပြည်ကို ပြန်လိုတယ်လို့ သူတို့ကို အခုချိန်ထိ ပြောထားတာမရှိကြောင်း ပြောပါတယ်။
၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေရသူ ၇ သိန်းခွဲရှိတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေ ပထမအကြိမ် နေရပ်ပြန်ရေး မအောင်မြင်ခဲ့တာကြောင့် နှစ်နိုင်ငံ သဘောတူညီမှုစာချုပ်ထပ်မံချုပ်ဆိုပြီး သြဂုတ်လ ၂၂ ရက်နေ့က ဒုတိယအကြိမ်ပြန်လည် လက်ခံဖို့စောင့်ဆိုင်းခဲ့ပေမယ့်လည်း ပြန်လာတာ မရှိခဲ့ပါဘူး။
(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)