ခဲသတ္တုတူးဖော်ရေးလုပ်ငန်း လွှတ်တော်ကော်မတီ စစ်ဆေး
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် မဲနယ်တောင်တန်းကြီးပေါ်က လုံးဒါကျေးရွာအနီးမှာ ခဲသတ္တုတူး ဖော်ရေးလုပ်ငန်းကို အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီက မနေ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။
-
2017-10-09 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် မဲနယ်တောင်တန်းကြီးပေါ်က လုံးဒါကျေးရွာအနီးမှာ ခဲသတ္တုတူးဖော်ရေး လုပ်ငန်းကို အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီက မနေ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။
ဒေသခံတွေရဲ့ တိုင်ကြားမှုတွေကြောင့် သွားရောက်စစ်ဆေးတာဖြစ်ပြီး ဒေသခံတွေသုံးနေတဲ့ ရေတွေထဲမှာ ခဲဆိပ်သင့်ခြင်း ရှိ မရှိ စစ်ဆေးဖို့အတွက် ရေနမူနာတွေ ယူခဲ့တယ်လို့ အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီဝင် ဦးထွန်းထွန်းဦး က ပြောပါတယ်။
"အနီးပတ်ဝန်းကျင်ကျေးရွာတွေက သူတို့သုံးတဲ့ ချောင်းရေလေ၊ ပချားကလို့ ဆိုတဲ့ချောင်း၊ အဲဒီချောင်းရေက ခဲသတ္တုထုတ်တဲ့ ကုမ္ပဏီတွေကြောင့် လျော့နည်းသွားလို့ဆိုပြီး တိုင်လို့ပါ၊ နောက်အဲဒီချောင်းရေထဲမှာ ခဲဆိပ်သင့်မှာ သူတို့စိုးရိမ်တယ်ပေါ့နော်၊ ကျနော်တို့ကတော့ ရေနမူနာယူလာလိုက်တယ် ဓါတ်ခွဲစမ်းသပ် မယ်ပေါ့နော်"
အဲဒီခဲသတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် ချောင်းရေခမ်းခြောက်မှုတွေရှိသလို ခဲဆိပ်သင့်မှာကို စိုးရိမ်ကြတယ်လို့ ဒေသခံတွေက လွန်ခဲ့တဲ့ ၃ လလောက်က ကော်မတီထံ တိုင်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။ မနေ့က သွားရောက်စစ်ဆေးမှုအရ ချောင်းရေခမ်းခြောက်နေတာ မတေ့ွရဘူးလို့လည်း ဆိုပါတယ်။
ခဲသတ္တုတူးဖော်ရာကနေ ထွက်လာတဲ့ရေတွေကို ပြန်သန့်စင်ပြီး ချောင်းထဲကို စွန့်ပစ်ရာမှာ ရေစစ်ကန်ကို ၄ ဆင့်ထားရှိစစ်ဆေးဖို့ ညွှန်ကြားထားခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ တိုင်ကြားမှုကြောင့် အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ ဦးကျော်သီဟ အပါအဝင် ၆ ဦး သွားရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။