ဟုန်စိန် ပီနံအိတ်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၂ မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဟုန်စိန် ပီနံအိတ်ခွံ ထုတ်လုပ်ရေးစက်ရုံက အလုပ်သမား ၁၀၀ ကျော်ဟာ အခြေခံလစာတွေ တိုးမြှင့်သတ်မှတ်ပေးရေးအတွက် ဒီကနေ့တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
-
2013-05-13 -
-
-
ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၂ မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဟုန်စိန် ပီနံအိတ်ခွံ ထုတ်လုပ်ရေးစက်ရုံက အလုပ်သမား ၁၀၀ ကျော်ဟာ အခြေခံလစာတွေ တိုးမြှင့်သတ်မှတ်ပေးရေးအတွက် ဒီကနေ့တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
လက်ရှိအလုပ်သမားတွေရဲ့ အခြေခံလစာဟာ တစ်ရက်ကို ပျမ်းမျှ ကျပ် ၅၀၀ ကနေ ၇၅၀ သာ ရရှိကြပါတယ်။ အဲ့ဒီအတွက် အခြေခံလစာကို တစ်ရက် ကျပ် ၁ ထောင်အထိ တိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
လစာဖြတ်တောက်ခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အလုပ်သမားခေါင်းဆောင် မချိုသက်မွန်က RFA ကို ပြောပါတယ်။
“အဓိကက လစာ၊ အပိုချိန်တွေမှာ ဒဏ်ကြေးမရိုက်ဖို့ပေါ့၊ အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ ရှောင်တခွင်ခွင့်တို့၊ ဆေးခွင့်တို့၊ လုပ်သက်ခွင့်တို့ဆိုလို့ရှိရင် ခံစားခွင့်ဘာမှကိုမရှိဘူး၊ ခွင့်တင်လို့ရှိရင်လည်း စစ်ဆေးတယ်”
အလုပ်သမားတစ်ဦးရဲ့ ဝင်ငွေဟာ အခြေခံလစာအပြင် ရက်မှန်ကြေး၊ အချိန်ပိုကြေးတွေပါ အားလုံးပေါင်းမှ တစ်လကို အလွန်ဆုံး ကျပ် ၆ သောင်းကျော်သာ ရရှိကြပါတယ်။ ဒါပေမယ့် အချိန်ပိုမဆင်းတာတွေကို လစာဖြတ်လေ့ရှိပြီး အများပြည်သူ ရုံးပိတ်ရက်တွေအတွက်လည်း ပိတ်ရက်ပေးတာမျိုး မရှိတဲ့အပြင် အဲ့ဒီနေ့တွေမှာ အလုပ်ပျက်ကွက်ခဲ့ရင်လည်း လစာဖြတ်တောက်တာတွေရှိတယ်လို့ သိရပါတယ်။
အများပြည်သူ ရုံးပိတ်ရက်တွေအတွက် လစာမဖြတ်တောက်ဖို့၊ စက်ရုံတွင်းမှာ ညှိနှိုင်းရေးအဖွဲ့၊ အလုပ်သမား အဖွဲ့အစည်းတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ပေးဖို့၊ လူမှုဖူလုံရေးကဒ်ထုတ်ပေးဖို့၊ အချိန်ပိုကြေး တိတိကျကျပေးဖို့၊ လစာထုတ်ပေးတဲ့ စာရင်းစာရွက်ကို တရုတ်ဘာသာအစား မြန်မာဘာသာနဲ့ ဖော်ပြပေးဖို့စတဲ့ အချက်တွေပါတဲ့ အချက် ၁၄ ချက်ကို အလုပ်ရှင်နဲ့ မြို့နယ်အလုပ်သမားရုံးထံ တင်ပြထားတယ်လို့ သိရပါတယ်။