ဟိုပင်မြို့မှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ နန့်ရင်းရွာမှာ ဇန်နဝါရီလ ၂၇ ရက် နံနက် ၈ နာရီဝန်းကျင်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး သားအမိနှစ်ဦးကို ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2023-01-28 -
-
-
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ နန့်ရင်းရွာမှာ ဇန်နဝါရီလ ၂၇ ရက် နံနက် ၈ နာရီဝန်းကျင်က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး သားအမိနှစ်ဦးကို ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပေါက်ကွဲမှုကြောင့် အသက် ၁၉ နှစ်အရွယ် သားဖြစ်သူ မောင်စိုင်းစိုင်း သေဆုံးခဲ့ပြီး အသက် ၅၀ ဝန်းကျင်အရွယ် မိခင်ဖြစ်သူ ဒေါ်မိကြည် ဒဏ်ရာအပြင်းအထန်ရခဲ့တာပါ။
သူတို့သားအမိဟာ ဟိုပင်မြို့ နန့်ယန်းရွာကဖြစ်ပြီး လယ်ယာလုပ်ဖို့သွားတဲ့လမ်းပေါ်က နန့်ရင်းရွာတံတားအနီး လက်နက်ကြီးကျည်ထိမှန်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူများလယ်ကိုငှားပြီး လုပ်နေတာ။ အဲဒီလယ်ကိုသွားတဲ့ အချိန်မှာ စစ်ကောင်စီက ပစ်တဲ့ လက်နက်ကြီးထိတာ။ ကျည်က သူတို့နောက်မှာကျတာ၊ သားက တစ်ခါတည်း သေသွားတယ်။ အမေကလည်း ခြေနှစ်ဖက်လုံးကြေသွားတယ်။ မနေ့က ဆေးရုံမှာ ကျနော် တွေ့လိုက်သေးတယ်။ ဟိုပင်ဆေးရုံက မနိင်တော့လို့ မနေ့ကပဲ မြစ်ကြီးနား ဆေးရုံကြီးကို ပို့လိုက်ပြီ”
တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်ရဲ့ ဟိုပင်မြို့ အခြေစိုက် ခလရ (၄၀) က လက်နက်ကြီးကျည်နဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့တာလို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကချင်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
မိုးညှင်းမြို့နယ် နမ္မားမြို့မှာ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းလိုက်ကောက်နေတဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ဦးတင်ညွန့် ဇန်နဝါရီလ ၂၄ ရက်က သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။ အဲဒီနောက် နမ္မားအမြာက်တပ်နဲ့ ဟိုပင်အခြေစိုက် စစ်ကောင်စီတပ်တွေက လက်နက်ကြီး တွေနဲ့ နေ့ရောညပါ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။