စစ်အာဏာသိမ်းပြီးနောက် မီးရှို့ခံရတဲ့နေအိမ် ကိုးထောင်ကျော်ရှိပြီ

၂ဝ၂၂ ဧပြီလ ၁၃ ရက်နေ့အထိ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၉,၁၈၇ လုံးရှိသွားပြီလို့ Data for Myanmar သုတေသနအဖွဲ့က ဧပြီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး နေအိမ် ၅,၆၁၇ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
နိုင်ငံတစ်ဝန်းက နေရာပေါင်း ၂၅ဝ ကျော်မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ခံရမှု သတင်းတွေကို ဒေသခံ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အကူအညီပေးရေးအဖွဲ့တွေရဲ့ စာရင်းတွေအပေါ် အခြေခံပြုစုထားတာဖြစ်ပြီး၊ ဆက်သွယ်ရေးခက်ခဲတဲ့ မြို့နယ်တချို့က အချက်အလက်တွေ အကုန် မရရှိသေးတဲ့အတွက် မီးရှို့ခံခဲ့ရတဲ့ နေအိမ်အရေအတွက် အခုထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်က ရွာတွေကို မီးရှို့တာမျိုးမလုပ်ဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။