ဝမ်းတွင်း၊ ကျင်းရွာက နေအိမ် ၁၀ လုံး ချိတ်ပိတ်ခံရ
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာက နေအိမ် ၁၀ လုံးကို နိုဝင်ဘာလ ၁၁ ရက် မနေ့က စစ်ကောင်စီက လာရောက်ပြီး ချိတ်ပိတ် သိမ်းဆည်းသွားတယ်လို့ ဝမ်းတွင်းမြို့နယ်က ဒေသခံတွေက RFA ကို ပြောပါတယ်။
- 2021-11-12
-
-
-
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာက နေအိမ် ၁၀ လုံးကို နိုဝင်ဘာလ ၁၁ ရက် မနေ့က စစ်ကောင်စီက လာရောက်ပြီး ချိတ်ပိတ် သိမ်းဆည်းသွားတယ်လို့ ဝမ်းတွင်းမြို့နယ်က ဒေသခံတွေက RFA ကို ပြောပါတယ်။
PDF နဲ့ဆက်စပ်တယ်ဆိုပြီး ဗိုလ်မှူး တေဇာဖြိုး ဦးဆောင်တဲ့ စစ်သား ၆၀ လောက်နဲ့ လာရောက်ချိတ်ပိတ် သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မနေ့က ရွာမှာ စစ်ကောင်စီသတင်းပေး လင်မယားနှစ်ယောက် သတ်ခံလိုက်ရတယ်။ အဲဒါပြီးတော့ စစ်သားတွေ ရောက်လာပြီး အိမ် ၁၀ လုံး ချိတ်ပိတ်သွားတယ်။ ဒီအိမ်တွေကို ပိတ်ထားကြောင်းနဲ့ ဖွင့်ခွင့် မပေးဘူး ဆိုပြီး အုပ်ချုပ်ရေးမှူးကိုတော့ ပြောသွားတယ်။ သူတို့ရောက်လာတယ်ဆိုတာနဲ့ တစ်ရွာလုံးက ကြောက်တော့ ပြေးသွားကြတော့ အဲဒီပိတ်ခံရတဲ့အိမ်တွေကသူတွေလည်း ရွာမှာမရှိကြဘူး၊ ဒီနေ့ထိ ရွာထဲ ပြန်မလာရဲကြသေးဘူး။ စစ်ကားနဲ့တွေ့တဲ့ ရွာသားနှစ်ယောက်ဆို ကားနဲ့တိုက်ခံလိုက်ရပြီး ဒဏ်ရာ ရခဲ့သေးတယ်"
စစ်ကောင်စီ အင်အား ၆၀ လောက်ဟာ ပြီးခဲ့တဲ့လကလည်း ရွာကိုရောက်လာပြီးတော့ နေအိမ် ခုနှစ်လုံးက ပစ္စည်းတွေကို ယူသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လူဦးရေ ၂၀၀၀ ကျော်ရှိတဲ့ ကျင်းရွာကျေးရွာဟာ ဝမ်းတွင်းမြို့နဲ့ ငါးမိုင်ခန့်အကွာ မှာရှိပြီး စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်နေတဲ့ရွာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံတစ်ဝန်းမှာ အခုလို နေအိမ်အဆောက်အအုံတွေ ချိတ်ပိတ်ခံနေရတာနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က မနေ့ကမေးမြန်းရာမှာ NUG, CRPH, PDF တွေနဲ့ ဆက်စပ် နေသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်သိမ်းဆည်းတာဖြစ်ကြောင်း ပြောဆိုပါတယ်။
ဒါပေမဲ့ ဝမ်းတွင်းမြို့နယ် ကျင်းရွာက ချိတ်ပိတ်ခံရတဲ့ နေအိမ်တွေနဲ့ပတ်သက်လို့ ကာယကံရှင်မိသားစုတွေရဲ့ တုံ့ပြန်ချက်ကို မသိရသေးပါဘူး။