ဖားကန့် မြေစာပုံပြိုကျမှု လူ ၈၀ ထက်မနည်း ပျောက်ဆုံးနေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် သာယာကုန်းကျေးရွာအနီးက ကျောက်စိမ်း တူး ဖော်ရေး လုပ်ကွက်တစ်ခုမှာ ဒီနေ့မနက်က မြေစာပုံ ပြိုကျခဲ့တာကြောင့် လူ ၈၀ ထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-12-22
-
-
-
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာအနီးမှာ ဒီနေ့ မနက် ၄ နာရီ ကျော် လောက်က ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တစ်ခုမှာ မြေစာပုံ ပြိုကျခဲ့တာကြောင့် လူ ၈၀ ထက် မနည်း ပျောက်ဆုံးနေပြီး အဲဒီအထဲက ရုပ်အလောင်း တစ်ခုကိုသာ ရှာတွေ့ထားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတွေက RFA ကို ပြောပါတယ်။
အခု မြေပြိုတဲ့ အနေရာဟာ ညပိုင်း လူအတော် စည်းကားတဲ့ နေရာဖြစ်တယ်လို့ မြေစာပုံ ပြိုကျတဲ့နေရာ အနီးမှာ ရှိနေခဲ့တဲ့ ဒေသခံ မအေးမွန်က ပြောပါတယ်။
“ရေလှိုင်းကြီးက ဝုန်းဆို တက်လာခဲ့တာ အဲလိုဖြစ်သွားတာ။ ကုန်လိုင်းတွေတော့ သုံး၊လေး ငါးယောက်ပဲ ပါမယ် ဈေးရောင်းတဲ့သူတွေ ၃၀ လောက်ပဲ ကျောက်ရှာတဲ့သူတွေက တော်တော်များတယ်။ မနေ့က တော်တော်များတယ် လူအုပ်စုက ကျန်တဲ့သူလည်း ကျန်တယ် ရှာတဲ့သူလည်း ရှာကျပါတယ် နှလုံးသွေးလ အလှူရှင်တွေရော အကုန်လုံးရှာကြပါတယ်။ အကုန်လုံးပဲ အစုံပဲ၊ စစ်တပ်လည်းလာကြည့်တယ် ရဲတွေ လည်း လာကြည့်တယ်။ ကယ်ဆယ်ရေး အဖွဲ့တွေလည်း နှစ်ဖွဲ့ သုံးဖွဲ့ရှိတယ်”
မအေးမွန်ဟာ အဲဒီနေရာမှာ ဈေးရောင်းနေသူ တစ်ဦးဖြစ်ပါတယ်။ မြေစာပုံ ပြိုကျတဲ့ထဲပါသွားတာ ဈေးသည် အမျိုးသမီး သုံးဦး အပါအဝင် လူတစ်ရာခန့် ရှိနိုင်တယ်လို့လည်း သူကဆိုပါတယ်။
ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့ အတွင်းရေးမှူး ဦးနော်လောန်ကတော့ ပျောက်ဆုံး နေသူတွေဟာ ရေမဆေးကျောက် ရှာဖွေသူတွေ အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။
“အဲမှာ လုပ်ကွက် အသေးစားတွေ လုပ်ကြပါတယ်။ အဲမှာ မြေစာသွန်တဲ့နေရာမှာ မြေစာပုံမှာရှာတဲ့ ရေမဆေးသမားတွေ အများဆုံးပါသွားတာပေါ့။ အခုက ဘယ်လောက်ပါသွားလဲ အတိအကျ ပြောလို့ မရသေးဘူး မြေစာပုံထဲအားလုံးက ဖုံးဖိပြီး ပါသွားတာကိုး။ ၈၀ လောက်တော့ ခန့်မှန်းထားတယ်။ သူကတော့ မြေဇာပုံဆိုလည်း ရေကထဲပြိုကျတဲ့ မြေဇာပုံဖြစ်နေတယ် ရှာဖွယ်ရေးကချက်ချင်းတော့ လုပ်လို့မရဘူးဖြစ်နေတယ်”
သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ဒီနေ့ နေ့လယ်ပိုင်းက ရှာဖွေ တွေ့ရှိခဲ့ကြတာလို့လည်း ကူညီကယ်ဆယ် နေသူတွေက ပြောပါတယ်။
ဒီမြေစာပုံဟာ ယခင်က စိန်စိန်ကျောက်ကုမ္ပဏီရဲ့ လုပ်ကွက်ဟောင်းဖြစ်ပြီး ၂၀၁၉ ကစလို့ အဲဒီကုမ္ပဏီက ရပ်နားသွားပြီးနောက် လူတချို့က အာဏာပိုင်းတွေနဲ့ပေါင်းပြီး ယန္တယားတွေနဲ့ တူးဖော်မှုတွေ ရှိနေတဲ့နေရာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကျွန်မတို့က အနီးကပ် မြင်ရတဲ့ သူတွေဆိုတော့ ၄၀ အထက်လို့ ပြောတာ။"
ပျောက်ဆုံး အရေအတွက်နဲ့ ပတ်သက်လို့ စာရင်း ကောက်ယူနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြေစာပုံပြိုချိန်မှာ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ မှော်စီဇာ ဒေသခံ ဒေါ်ကိုင်ရိန်ကတော့ အခုပြိုကျတဲ့ နေရာမှာ ရေမဆေးကျောက် ရှာသူတွေသာမက ရေပိုက်နဲ့ဖြန်းပြီး ကမ်းပါးတွေကိုဖြိုတဲ့ ကျောက်မျော်တိုက်သူတွေပါ ပြင်ဆင်နေကြတဲ့အချိန်ဖြစ်လို့ ပျောက်ဆုံးသူ ဦးရေ များနိုင်တယ်လို့ ပြောပါတယ်။
“စစပိုင်းကတော့ ပြိုပြီဟေ့လို့ ပြောတဲ့အခါ ကျွန်မတို့ကတော့ အပေါ်ကနေ ကြည့်တဲ့အခါမှာ လေး၊ ငါး၊ ၁၀ ယောက် လောက်ကတော့ ရေထဲမှာ ရပ်ကာရပ်ကာနဲ့ပေါ့နော် ကမ်းစပ်နားမှာတော့ ဒါပေမဲ့ တော်ကြာ တော့ ဆုံးဆုံးပြန်နစ်သွားပါလေရော ပြန်ပြီးပေါ်မလာတော့ဘူး။ အဲလိုမျိုးပေါ့။ ကျွန်မတို့က အနီးကပ် မြင်ရတဲ့ သူတွေဆိုတော့ ၄၀ အထက်လို့ ပြောတာ။ ၄၀အောက်တော့ မလျော့နိုင်ဘူးပေါ့ တချို့က တစ်ရာ ကျော်လို့ ခန့်မှန်းတယ်ဆိုတာကလည်း မှန်လောက်ပါတယ်။ ကျွန်မတို့က အခု ၄၀ အထက်ဆိုတာက ဘေးမှာ အဲထဲမှာ မျော်တိုက်တဲ့သူတွေရှိတဲ့ မျော်တစ်မျော်မှာ အနည်းဆုံး ၁၀ ယောက် အဲလိုမျိုးတွေ ရှိတာကို။ အဲခါကြတော့ ၄၀ အထက်ပေါ့ ၄၀ အောက်တော့ မလျော့ဘူးပေါ့နော်”
လက်ရှိ မြေပြိုတဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေး လုပ်နေတဲ့ လုံခင်းအရံမီးသတ် အရာရှိ ဦးမောင်မောင်ဦး ကတော့ ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေဆဲဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
“အဓိက ကုမ္ပဏီတွေက မလုပ်တာကြာပြီဗျ။ အရင်ကနေ အောက်ခြေမှာ ရေကန်ရှိပြီးတော့ ရေကန် အဟောင်းကို ရိုက်ရင်းနဲ့ ပြိုကျတာ အခုလောလောဆယ်က ကျွန်တော်တို့က ထင်လောက်တဲ့ နေရာ တွေမှာ လိုက်ရှာနေတာပေါ့လေ၊ အခုထိတော့ တစ်လောင်းမှ မရသေးဘူး။ ကျွန်တော်တို့ အရံအဖွဲ့တွေရော Ngo အဖွဲ့အစည်း တော်တော်များများ ရှာဖွေရေးလုပ်နေပါတယ်ဗျ”
ဒီနေ့မနက်က မြေပြိုတဲ့နေရာကို ဒေသအာဏာပိုင်တွေက လာရောက်ကြည့်ရှု ခဲ့ကြတာကြောင့် အခြေအနေ တွေကို အသေးစိတ်သိနိုင်ဖို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ နက်က ၂ နာရီခန့်ကလည်း ဖားကန့်မြို့ မနမှော်မှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက် တစ်ခု မြေပြိုခဲ့တာကြောင့် ရေမဆေးကျောက် ရှာဖွေသူတွေနဲ့ ကားမောင်းသူ အနည်းဆုံး ၁၀ ဦးခန့် သေဆုံး ခဲ့ပါတယ်။
အခု မြေစာပုံမြေပြိုကျပြီး လူသေဆုံးမှုဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀၊ မေလ ၂၃ ရက် နေ့ကလည်း ဖားကန့် ဝှေခါမှော်မှာ မြေပြိုကျလို့ ရေမဆေးသမားများ လူရာဂဏန်းခန့် သေဆုံးခဲ့ပါတယ်။
အလားတူ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း ဖားကန့်မြိုနယ် ဆိပ်မှုကျေးရွာ တစ် သုံးလုံးကုမ္ပဏီရဲ့ မြေစာပုံ ပြိုကျပြီး လူပေါင်း ၁၁၄ ဦးသေဆုံးခဲ့ပါတယ်။
ဖားကန့်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ကတည်းက ကျောက်တူးဖော်မှု တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က ပိတ်ပင်ထားခဲ့တာပါ။
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် အခုနှစ် စက်တင်ဘာ လလောက်ကနေစပြီး ကျောက်တွေကို ပြန်လည်တူးဖော်လာကြတာလို့ ဒေသခံတွေက ပြောပါတယ်။
တရားမဝင် တူးဖော်ကြတာဖြစ်လို့ အများစုက နေ့အချိန်မှာမတူးဘဲ ညအချိန်တွေမှာသာ စက်ယန္တယားကြီး တွေနဲ့ တူးဖော်ကြတယ်လို့လည်း ဆိုပါတယ်။