ထောင်ဖောက်ပြေးတဲ့ အကျဉ်းသား ၁၈ ဦး ပြန်လည်ဖမ်းဆီးမိ
ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်ကလေးမှာရှိတဲ့ ဘားအံ အကျဉ်းထောင်ကနေ ထောင်ဖောက် ထွက်ပြေးသွားတဲ့ အကျဉ်းသား ၄၁ ဦးထဲက ၁၈ ဦးကို ဖမ်းဆီးရမိတယ်လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
-
2018-09-17 -
-
-
ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်ကလေးမှာရှိတဲ့ ဘားအံ အကျဉ်းထောင်ကနေ ထောင်ဖောက် ထွက်ပြေးသွားတဲ့ အကျဉ်းသား ၄၁ ဦးထဲက ၁၈ ဦးကို ဖမ်းဆီးရမိတယ်လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
ထွက်ပြေးတဲ့ အကျဉ်းသားတွေကို ဌာနဆိုင်ရာတွေ ပူးပေါင်းဖမ်းဆီးနေတယ်လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်မြတ်မိုးက RFA ကို ဒီကနေ့ နေ့လည်ပိုင်းက ပြောပါတယ်။
"မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရယ် တပ်မတော်ရယ် ပူးပေါင်းအဖွဲ့တွေရယ် ထောင်ကို လုံခြုံရေးယူထားတယ်။ ပြီးတော့ လိုက်ဖမ်းတယ်ပေါ့။ ပတ်ဝန်းကျင်ရွာတွေမှာ အခုကတော့ ဘားအံနဲ့ မိုင်၂၀ ပတ်လည်နဲ့ ၃၀ အတွင်းမှာ ပြန်မိတာပါ။ အဲ ၁၇ ယောက်ကိုလေ"
ဘားအံ အကျဉ်းထောင်ကနေ လွတ်ရက်မရှိ ထောင်ကျနေတဲ့သူက ဦးဆောင်ပြီး မနေ့မနက်ပိုင်းက အမှိုက်လာသိမ်းတဲ့ ကားကို လုယူခဲ့ပါတယ်။ အဲဒီနောက် ထောင်တံခါးလေးခုကို တိုက်ဖွင့် ထွက်ပြေးသွားပြီး အကျဉ်းသား ၄၁ ဦး လွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ထွက်ပြေးသွားသူတွေကို ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်တွေအတွင်း ကျေးရွာတွေကနေ ပြန်လည်ဖမ်းမိတာဖြစ်ပြီး ဦးဆောင်ထွက်ပြေးတဲ့ ကျော်မိန်လ (ခေါ်) အရှောင်နဲ့ နောက်တစ်ဦးကိုတော့ အသေဖမ်းမိတယ်လို့ သိရပါတယ်။
ထွက်ပြေးသွားတဲ့ ၄၁ ဦးမှာ ထောင်ဒဏ်ချမှတ်ပြီး အကျဉ်းကျနေသူ ၂၉ ဦးနဲ့ အချုပ်သား ၁၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။ အခုနောက်ဆုံး သတင်းရေးသားချိန်အထိ နောက်ထပ်တစ်ဦးကို ဖမ်းဆီးရမိထားကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူးရဲ့ ကိုယ်ရေးအရာရှိက RFA ကို အတည်ပြုပြောကြားပါတယ်။
ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေကို ပြန်လည်ဖမ်းဆီးနိုင်ရေးအတွက် ပြည်နယ်ရဲတပ်ဖွဲ့၊ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်အပါဝင် အဖွဲ့တွေက ကရင်ပြည်နယ်တစ်ခုလုံးကို ပိတ်ဆိုရှာဖွေဖမ်းဆီးနေသလို ပြည်သူတွေ ကိုလည်း တွေ့ရင်အကြောင်းကြားပေးဖို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။