ဖားကန့် ရေကြီးမှုမှာ လူသေဆုံးတဲ့အထိရှိလာ
ဖားကန့်မြို့က ရေကြီးရေလျှံမှုဖြစ်စဉ်မှာ လူသေဆုံးမှုအထိ ရှိလာတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။
-
RFA Burmese
2024-07-03 -
-
-
ကချင်ပြည်နယ် ဖားကန့်မြို့က ရေကြီးရေလျှံမှုဖြစ်စဉ်မှာ လူသေဆုံးမှုအထိ ရှိလာတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ဇွန်လ ၃ ရက် ဒီနေ့မှာ ပြောပါတယ်။
ဥရုချောင်းရေလျှံပြီး နေအိမ်တွေ ရေဝင်နစ်မြုပ်လို့ စက်လှေနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်ချိန် ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်က အမျိုးသမီးတစ်ဦး စက်လှေပေါ်က ပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့တာလို့ ကူညီကယ်ဆယ်ရေးသမားတစ်ဦးက RFA ကို ပြောပါတယ်။
“ရေကြီးတဲ့အတွေက် လူသေဆုံးမှုရှိတယ်။ ရေဘေးရှောင်လာတဲ့အချိန်မှာ စစ်လှေပေါ်က ပြုတ်ကျသွားတာ။ သူရဲ့ အလောင်းကို မနေ့က ညနေမှာပြန်ရတယ်။ ရေက အခုက ၅၀ ရာခိုင်နှုန်းလောက်ကျပြီ။ ရေကျသွားတဲ့ နေရာတွေမှာ နွံတွေ၊ အမိုက်တွေကို ဝိုင်းပြီးရှင်းနေရတယ်။ နေနစ်တဲ့အိမ်တွေကိုလည်း နေ့စဉ် ထမင်းကျွေးတာတွေ ဆက်လုပ်နေရတယ်”
ဖားကန့်မြို့နယ်မှာ ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းက စတင်ပြီး ဥရုချောင်းရေ မြင့်တက်လာတဲ့အတွက် လူ ၂၅၀၀ ခန့် ရေဘေးသင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေကြီးရေလျှံမှုကြောင့် ဖားကန့်မြို့နယ် ဆန်ခါရွာဘက်က နေအိမ်တချို့ ရေထဲမျောပါသွားတာနဲ့ ချောင်းကူးတံတားတစ်ခု ကျိုးကျသွားတာလည်းရှိတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာတော့ ရေပြန်ကျသွားပေမယ့် လျှပ်စစ်မီး ပြတ်တောက်နေတာ၊ စက်သုံးဆီတွေ ရှားပါးနေတာနဲ့ သောက်သုံးရေ လိုအပ်နေတာ စတဲ့အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဇူလိုင်လ (၃) ရက် ဒီနေ့ထုတ် သတင်းစာမှာတော့ ဧရာဝတီမြစ်နဲ့ မေခမြစ် ရေကြီးလာတဲ့တွက် မြစ်ကြီးနာမြို့နဲ့ ဝိုင်းမော်မြို့တွေမှာ ကယ်ဆယ်ရေးစခန်း ငါးဆယ်နီးပါး ဖွင့်လှစ်ထားပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဧရာဝတီမြစ်အောက်ဘက် ဗန်းမော်မြို့မှာလည်း မနေ့ညနေပိုင်းကစပြီး စိုရိမ်ရေမှတ် ကျော်လွန်လာပြီဖြစ်တဲ့အတွက် အနိမ့်ပိုင်းမှာနေထိုင်တဲ့သူ ပြောင်းရွှေ့နေကြရပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၃၀ ရက်က စတင်ပြီး ဧရာဝတီမြစ်၊ မေခမြစ်နဲ့ ချောင်းတချို့ ရေကြီးရေလျှံတာကြောင့် မြစ်ကြီးနား၊ ချီဖွေ၊ ၀ိုင်းမော်၊ တနိုင်း၊ ဖားကန့်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်က အနိမ့်ပိုင်းရပ်ကွက်တွေက လူတစ်သောင်းထက်မနည်း ရေဘေးကြုံနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။