လွှတ်တော်ကော်မတီဝင်တွေကို ကျောက်စိမ်းကုမ္ပဏီ လာဘ်ပေးဖို့ကြိုးစား

ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို အမျိုးသားလွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ကွင်းဆင်းစစ်ဆေးချိန် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ပေးတဲ့ လက်ဆောင်ပစ္စည်းထဲမှာ ငွေကြေးပါတယ်ဆိုပြီး လူမှုမီဒီယာ ကွန်ရက် Moe Zay Nyein ဖေ့ဘွတ်အကောင့်က ဖော်ပြရေးသားခဲ့ပါတယ်။

အမျိုးသားလွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီသတင်းစာရှင်းလင်းပွဲကို ၂၀၂၀ ဇန်နဝါရီ ၂၉ ရက်နေ့က ‌တွေ့ရစဉ် Photo: RFA

ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို အမျိုးသားလွှတ်တော်  အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ကွင်းဆင်းစစ်ဆေးချိန် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ပေးတဲ့လက်ဆောင်ပစ္စည်းထဲမှာ ငွေကြေးပါတယ်ဆိုပြီး လူမှုမီဒီယာ ကွန်ရက် Moe Zay Nyein  ဖေ့ဘွတ်အကောင့်က ဖော်ပြရေးသားခဲ့ပါတယ်။ အဲဒီစာမှာရေးသားချက်တွေဟာ ကော်မတီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် အရေးယူပေးဖို့ တာဝန်ရှိသူတွေကို တင်ပြထားတယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အမျိုးသားလွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ က ဖားကန့် ကျောက်စိမ်းတွင်းဒေသကို ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးခဲ့တာပါ။

အဲဒီကော်မတီမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်ဆွေ အပါအဝင် တခြားလွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၇ ရက်နေ့မှာ ကျောက်မျက်လုပ်ငန်းရှင်တွေက ညစာဖိတ်ကျွေးပြီး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ ပွင့်ထူးစံကုမ္ပဏီက ဒေသထွက်လက်ဆောင်တွေကို ကော်မတီအဖွဲ့ဝင်တွေကို ပေးအပ်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ငွေကြေးပါဝင်တာကို မသိခဲ့တဲ့အတွက် လက်ခံခဲ့တာဖြစ်ပြီး လက်ဆောင်အားလုံး ပြန်ပေးကြောင်း  ဝန်ခံ လက်မှတ်ကို ကုမ္ပဏီတာဝန်ရှိသူကို ထိုးခိုင်းခဲ့တယ်လို့ အမျိုးသားလွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေက ပြောပါတယ်။

အဲဒီ လက်ဆောင်အိတ်ထဲမှာ နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ငွေကြေး ပါဝင်တာကို မနက်ပိုင်းမှာ သိရတဲ့အတွက် ကုမ္ပဏီတာဝန်ရှိသူကို ဇန်နဝါရီလ ၈ ရက်နေ့ မနက်ပိုင်းမှာ ခေါ်ယူခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

Moe Zay Nyein ဖေ့ဘွတ်အကောင့်မှာ ရေးသားချက်အရ ကုမ္ပဏီကပေးတဲ့ ငွေကြေးကို ကော်မတီဝင်တွေက ရခဲ့တဲ့အတွက် အဲဒီ ပွင့်ထူးစံကုမ္ပဏီက လုပ်ဆောင်နေတဲ့ တရားမဝင် ကျောက်စိမ်းလုပ်ကွက်တွေနဲ့ ပတ်သက်ပြီး နှုတ်ပိတ်နေခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

ဒီစွပ်စွဲချက်ဟာ မမှန်ကန်ကြောင်းနဲ့ ကျောက်စိမ်းလုပ်ကွက်တွေနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေကို  ထောက်ပြ ပြောဆိုခဲ့တာတွေရှိခဲ့တယ်လို့ ဦးသိန်းဆွေက ပြောပါတယ်။

ဒါ့အပြင် လက်ဆောင်ပစ္စည်းထဲမှာပါတဲ့ ငွေကြေးပမာဏ ဘယ်လောက်ရှိတယ်ဆိုတာကို မရေတွက်ခဲ့တဲ့အတွက် မသိဘူးလို့ ပြောပါတယ်။

Moe Zay Nyein ဖေ့ဘွတ်အကောင့်မှာ ဖော်ပြချက်အရ ပွင့်ထူးစံကုမ္ပဏီဟာ ဖားကန့်ဒေသမှာ ကျောက်စိမ်း လုပ်ကွက်မရှိပဲ စယန္တရား အမြောက်အများသုံးပြီး တပ်မတော်၊ ရဲတပ်ရင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကေအိုင်အေ တို့နဲ့ပေါင်းပြီး လုပ်ကိုင်နေတယ်လို့လည်း စွပ်စွဲရေးသားထားပါတယ်။

အဲဒီရေးသားချက်တွေနဲ့ ပတ်သက်ပြီး Moe Zay Nyein ဖေ့ဘွတ်အကောင့်မှာ ဇန်နဝါရီလ ၉ ရက်နေ့မှာ တင်ခဲ့ပြီး နောက်နှစ်ရက်အကြာမှာ ပြန်ဖြုတ်သွားတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ တခြား ဖေ့ဘွတ်အကောင့်တွေမှာပါ အဲဒီသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေတဲ့အတွက် သတင်းစာရှင်းလင်းပွဲ လုပ်ရတာလို့ဆိုပါတယ်။

ကော်မတီအဖွဲ့ဝင် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင်ဆွေကလည်း သူ့အနေနဲ့လည်း ကော်မတီ အဖွဲ့ဝင်တွေလိုပဲ လက်ဆောင်ပစ္စည်းတွေကို ပြန်ပေးခဲ့တယ်လို့ ပြောပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်လည်းဖြစ် ကော်မတီ အတွင်းရေးမှူးလည်းဖြစ်သူ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်က အဲဒီ လက်ဆောင်တွေကို ကော်မတီဝင်တွေ အားလုံးက ပြန်ပေးခဲ့တယ်လို့ ပြောပါတယ်။

ကွင်းဆင်းစစ်ဆေးတဲ့ ခရီးစဉ်ကို လိုက်ပါခဲ့တဲ့ NLD ပါတီဝင်၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ဒီလို ကိစ္စဖြစ်လာတာဟာ အားလုံးအတွက် သတိပေးခေါင်းလောင်း ထိုးလိုက်သလိုပဲလို့ ပြောပါတယ်။

အဲဒီလို စွပ်စွဲခံရတဲ့ ပွင့်ထားစံကုမ္ပဏီနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ငန်းတွေ လုပ်ကိုင်သလဲဆိုတာက ပြည်နယ်တာဝန်ရှိသူတွေက ပိုသိနိုင်မယ်လို့ ကော်မတီ ဥက္ကဋ္ဌ ကပြောပါတယ်။

Moe Zay Nyein ဖေ့ဘွတ်အကောင့်ပိုင်ရှင်ကို အရေးယူပေးဖို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က တဆင့် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကို တိုင်ကြားမှာဖြစ်တယ်လို့ ကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘယ်လို ပုဒ်မနဲ့ အရေးယူမလဲဆိုတာကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေကသာ ဆုံးဖြတ်နိုင်မယ်လို့လည်း ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org