ဖားကန့် ကျောက်စိမ်းလုပ်ကွက် မန်နေဂျာတစ်ဦးနဲ့ ယာဉ်ခုနစ်စီး ဖမ်းဆီးခံရ
ကချင်ပြည်နယ် ဖားကန့်မြို့၊ လုံးခင်းအုပ်စု မှော်စီစာရွာက ကျောက်စိမ်းလုပ်ကွက်ထဲကို ဒီဇင်ဘာ ၁၇ ရက် မနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေရောက်လာပြီး ကျောက်စိမ်းလုပ်ကွက်မန်နေဂျာ အမျိုးသားတစ်ဦးနဲ့ ယာဉ်ယန္တရားခုနစ်စီးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2022-12-18 -
-
-
ကချင်ပြည်နယ် ဖားကန့်မြို့၊ လုံးခင်းအုပ်စု မှော်စီစာရွာက ကျောက်စိမ်းလုပ်ကွက်ထဲကို ဒီဇင်ဘာ ၁၇ ရက် မနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေရောက်လာပြီး ကျောက်စိမ်း လုပ်ကွက်မန်နေဂျာ အမျိုးသားတစ်ဦးနဲ့ ယာဉ်ယန္တရားခုနစ်စီးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သား အင်အား ၅၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းနဲ့ လာရောက်စစ်ဆေးခဲ့ တာဖြစ်ပြီး မြေတူးယာဉ် (Backhoe) နှစ်စီးနဲ့ မြေစာသယ်ယာဉ်ငါးစီးကိုပါ ဖမ်းဆီးသွား တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က မနက် ၄ နာရီလောက်စနေစပြီး စစ်ဆေးတယ်။ မနက် ၅ နာရီကျော်လောက် ထိ စစ်တယ်။ မနေ့က လောပန်းတစ်ယောက်ရဲ့ ကိုယ်စားလှယ်တစ်ယောက်ကို ဖမ်းသွား တယ်။ ပြီးတော့ မနေ့ကညနေပိုင်း Backhoe နှစ်စီးနဲ့ မြေသယ်ယာဉ်လေးစီး ဖမ်းသွား တယ်။ ဒီနေ့မနက်ကလည်း ကားတစ်စီး လာဖမ်းသွားတယ်။ သူတို့ မလုပ်နဲ့ ဆိုတဲ့အချိန် လုပ်နေလို့ ဖမ်းသွားတာလို့ သိရတယ်”
အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံကလည်း အခုရက်ပိုင်း ကျောက်စိမ်းလုပ်ကွက်တွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းကြောင့် တချို့လုပ်ကွက်တွေ ရပ်နားထားကြတယ်လို့ ပြောပါတယ်။
“ဖမ်းမယ်ဆိုလို့ တချို့မှော်က လုပ်ကွက်တွေတော့ နားနေကြတယ်။ တချို့လုပ်ကွက် တွေတော့ လုပ်နေကြတယ်။ မှော်မုံ၊ ဖားပြင်နဲ့ စဘော့ဘက်မှာတော့ လုပ်နေကြတယ်။ ရှရော်ခနဲ့ မန မှော်ဘက်တွေမှာတော့ နားနေကြတယ်”
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီဟာ KIO ရဲ့ အဓိကဝင်ငွေရတဲ့လမ်းကို ဖြတ်တောက်ချင်တဲ့အတွက် ဖားကန့် မြို့ကို ပြန်လည်စိုမိုးနိုင်ဖို့ လုပ်နေတာလို့ ဒီဇင်ဘာလ ၇ ရက်နေ့က RFA ကို ဖြေဆိုထား ပါတယ်။
စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် ဖားကန့် ဒေသမှာ အနန့်ပါ တိုက်ခိုက်ခံရပြီးနောက် တစ်ပတ်မှာ တိုက်ပွဲအနည်းဆုံး သုံးကြိမ် ဖြစ်နေ တယ်လို့လည်း ဆိုပါတယ်။
ဖားကန့်ဒေသ ကျောက်တူးဖော်ခွင့်ကို NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်ကတည်းက ပိတ်ထားပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ စစ်ကောင်စီနဲ့ KIA ကို အခွန်ပေးပြီး ပြန်လည် တူးဖော်လာကြတာလို့ ဒေသခံတွေက ပြောပါတယ်။