ဖားကန့် Happy KTV မှာ စစ်ကောင်စီတပ် ဗိုလ်မှူးအပါအဝင် ငါးဦးပစ်သတ်ခံရ
ဖားကန့် Happy KTV စားသောက်ဆိုင်မှာ ဧပြီ ၂၃ ရက်နေ့က အမည်မသိလက်နက်ကိုင်တွေ ဝင်ရောက်ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးတစ်ဦးအပါအဝင် ငါးဦး သေဆုံးသွားတယ်လို့ ပြောပါတယ်။
-
RFA Burmese
2023-04-23 -
-
-
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မရှိကထောင် ရပ်ကွက်မှာရှိတဲ့ Happy KTV စားသောက် ဆိုင်မှာ ဧပြီ ၂၃ ရက်နေ့ မနက် ၄ နာရီဝန်းကျင်က အမည်မသိလက်နက်ကိုင်တွေ ဝင်ရောက်ပစ်ခတ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးတစ်ဦးအပါအဝင် ငါးဦး သေဆုံး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်ခံရသူတွေက စစ်ကောင်စီရဲ့ တပ်မ (၃၃) လက်အောက်ခံ၊ တပ်ရင်း (၁၃) က ဗိုလ်မှူးတစ်ဦး၊ အသက် ၄၀ အရွယ် လုပ်ငန်းရှင်နှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
Happy KTV စားသောက်ဆိုင်ခန်းမမှာပဲ ငါးဦးစလုံး သေဆုံးသွားတယ်လို့ အမည်မဖော်လို တဲ့ ဖားကန့် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့ငါးဦးက ဧပြီ ၂၂ ရက် ညကတည်းက ရောက်နေကြတာ။ ညဘက် သောက်စားပြီး မနက် ၄ နာရီမှာ လူမှန်းသူမှန်းမသိအောင် မူးနေတဲ့အချိန်မှာ ပစ်ခံလိုက်ရတာ။ ခေါင်း တွေ၊ ခါး၊ ရင်ဘတ်၊ ခြေသလုံး တို့မှာ ပစ်ခံရတာ၊ ဘာကြောင့် ပစ်တယ်၊ ဘယ်အဖွဲ့က လုပ်တယ် ဆိုတာတော့ အခုထိ မသိရသေးပါဘူး"
ပစ်ခတ်မှုဖြစ်ပြီး မိနစ် ၂၀ ကျော်အကြာမှာ အင်အား ၅၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေ ရောက်လာပြီး အဲဒီ စားသောက်ဆိုင်မှာရှိတဲ့ ဝန်ထမ်းတချို့ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို ဒီနေ့မနက် ၅ နာရီကျော်မှာ လူမှုကူညီရေးကား တွေနဲ့ သယ်ထုတ် သွားပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။
ပစ်သတ်ခံလိုက်ရတဲ့အထဲမှာ ပါဝင်တဲ့ လုပ်ငန်းရှင်နှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးဟာ ဘယ်သူ ဘယ်ဝါဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ မသိရသေးသလို RFA အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာ တိတိကျကျမသိရသေးသလို ဒေသကာကွယ်ရေးတပ်တွေ ဘက်ကလည်း ဒီနေ့အထိ မထုတ်ပြန်သေးပါဘူး။
စစ်ကောင်စီတပ်သားတွေဟာ ဒီနေ့မနက်ပိုင်း ဖားကန့်မြို့ အဝင်၊ အထွက်ဂိတ်တွေနဲ့ လမ်းမတွေပေါ်မှာ လုံခြုံရေးတိုးမြှင့်ထားပြီး လမ်းသွားလမ်းလာတွေကိုပါ တင်းကျပ်စွာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။