ဖားကန့်သပိတ်ခေါင်းဆောင်နှစ်ဦး ထောင်ဒဏ် ဆယ်နှစ်စီချမှတ်ခံရ

ဖားကန့်မြို့က အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်ဦးဆောင်သူနှစ်ဦးကို မိုးညှင်း ခရိုင်တရားရုံးကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် ဆယ်နှစ်စီ ချမှတ်လိုက်ပါတယ်။

ထောင်ဒဏ်ဆယ်နှစ်စီ ချမှတ်ခံရသည့် ဖားကန့် သပိတ်ခေါင်းဆောင် ကိုသိန်းနှင့် ကိုမြင့်လွင်။ Citizen Journalist

ကချင်ပြည်နယ် ဖားကန့်မြို့က အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်ဦးဆောင်သူနှစ်ဦးကို ဇန်နဝါရီလ ၁၈ ရက်နေ့က မိုးညှင်းခရိုင်တရားရုံးကနေ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် ဆယ်နှစ်စီချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သပိတ်ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကိုသိန်းနဲ့ ကိုမြင့်လွင်တို့ကို ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးသွားပြီးနောက် ခုနစ်လကျော်အကြာမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) တို့နဲ့ ထောင်ဒဏ် ချမှတ်ခံခဲ့ရတာတာလို့ ဖားကန့်ဒေသခံက ပြောပါတယ်။

“မနှစ်တုန်းက ဇွန် ၈ ရက်နေ့မှာ ဖားကန့် ဆန်းကွယ်ရွာနား ကားတစ်စီးနဲ့ လာတဲ့အချိန်မှာ စကစက စောင့်ပြီးဖမ်းတာ။ သူတို့ကတော့ တော်လှန်ရေးတပ်တွေကို ထောက်ပို့လုပ်တယ်လို့ စွပ်စွဲပြီး မနေ့ကပဲ မိုးညှင်းခရိုင်တရားရုံးက ပုဒ်မ ၅၀ (ည)နဲ့ ၅၂ (က) တို့နဲ့ နှစ်ယောက်စလုံးကို ထောင်ဆယ်နှစ်စီ ချလိုက်တယ်”

စစ်ကောင်စီတပ်က ဖားကန့် သပိတ်ခေါင်းဆောင်တွေကို ပစ်ခတ်ဖမ်းဆီးစဥ် သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမောင်အေးကတော့ နေရာမှာတင် သေဆုံးခဲ့ပြီး အသက်ရှင် ကျန်ရစ်တဲ့ အခုသပိတ်ခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးထောင်ချလိုက်တာလို့လည်း သူကဆိုပါတယ်။

သူတို့နှစ်ဦးဟာ ဖမ်းဆီးခံရစဥ် နှစ်လကြာမြင့်သည်အထိ မိသားစုနဲ့ အဆက်အသွယ်မရခဲ့ဘဲ စစ်ကြောရေးမှာလည်း ရိုက်နှက်စစ်ဆေးခံခဲ့ရတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ နိုင်ငံရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ နှစ်သောင်းနီးပါး (၁၉,၉၃၆ ဦး) ထိရှိနေပြီး အဲဒီအထဲက လူ ကိုးထောင်နီးပါး (၈၅၁၂ ဦး)ဟာ ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org