အမေရိကန် ပိတ်ဆို့မှု ဖြေလျှော့ရေး အခွင့်အရေးအဖွဲ့တွေ စိုးရိမ်
မြန်မာအစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားတွေကို ဖြေလျှော့ရေးဆိုင်ရာ အမေရိကန်အစိုးရရဲ့ မဟာဗျူဟာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ ( HRW ) နဲ့ အဖွဲ့ (၈) ဖွဲ့က သမ္မတ အိုဘားမား ဆီကို ပူးတွဲ ပန်ကြားစာတစ်စောင် ပေးပို့ခဲ့ပါတယ်။
-
2012-04-24 -
-
-
ဧပြီလ (၂၄) ရက်နေ့စွဲနဲ့ ပေးပို့ခဲ့တဲ့ အဲဒီပန်ကြားစာနဲ့ ပတ်သက်ပြီး ဝါရှင်တန်အခြေစိုက် HRW အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Mr. John Sifton က RFA ကို ပြောကြားခဲ့ရာမှာ -
သမ္မတ အိုဘားမားအစိုးရရဲ့ မြန်မာအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ လျှော့ပေါ့ရေးနဲ့ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ အစီအစဉ်တွေက မြန်ဆန်လွန်းနေတဲ့အတွက် မိမိတို့ စိုးရိမ်ပူပန်မိကြပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာတဲ့အတွက် အခုလို ပိတ်ဆို့မှုတွေ လျှော့ချပေးရမယ်ဆိုတာ မိမိတို့လည်း သဘောတူ လက်ခံပါတယ်။ ဒါပေမဲ့ အာဏာဟာ စစ်တပ်မှာ ရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အပြောင်းအလဲတွေ ဆက်လက်ဆောင်ရွက်ဖို့ လိုနေသေးပါသေးတယ်။ တကယ့် အပြောင်းအလဲတွေ ပေါ်ပေါက်လာတဲ့အထိ အမေရိကန် အစိုးရအနေနဲ့ ထိန်းထားဖို့ အရေးကြီးပါတယ်လို့ ပြောဆိုခဲ့တာပါ။
ဆက်လက် ပြောကြားရာမှာ - SND ဆိုတဲ့ ပိတ်ဆို့အရေးယူဖို့ အထူးသတ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ နောက်ဆုံးစာရင်း မပြုစုတာ အချိန်အတော်ကြာခဲ့ပြီမို့ ဒီစာရင်းကို အသစ်ပြန်လည် ပြုစုဖို့ လိုအပ်နေပါတယ်။ ပိတ်ဆို့မှုတွေ ပြန်လည်လျှော့ပေါ့ပေးရာမှာ ဒီစာရင်းသစ်က အရေးကြီးပါတယ်။ ဒီအတွက် မြန်မာနိုင်ငံတွင်းက အတိုက်အခံ ဒီမိုကရေစီ ပါတီခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး လုပ်သင့်လုပ်ထိုက်တာတွေ ဆောင်ရွက်ဖို့ Mr. John Sifton က RFA ကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာပြည်မှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ဖို့၊ ပြည်တွင်းက လူ့အခွင့်အရေး အခြေအနေတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက လွတ်လွတ်လပ်လပ် စုံစမ်းနိုင်ဖို့၊ တိုင်းရင်းသား လူမျိုးတွေအရေး၊ အလုပ်သမားအရေး၊ စာနယ်ဇင်းလွတ်လပ်ခွင့် စတာတွေမှာ အမှန်တကယ် တိုးတက်မှုတွေ ရရှိပြီဆိုမှ ပိတ်ဆို့မှုတွေကို တစ်ဆင့်ချင်း လျှော့ပေါ့ပေးသင့်ကြောင်း ပန်ကြားစာမှာ ဖော်ပြထားပါတယ်။