မြန်မာ့ သယံဇာတ ရောင်းဝယ်ရေး ဆက်ပိတ်ဖို့ လိုကြောင်း HRW ပြော
ဥရောပသမဂ္ဂ အီးယူအနေနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ ထိန်းချုပ်ထားတဲ့ သယံဇာတဆိုင်ရာ ကူးသန်းရောင်းဝယ်ခွင့်ကို ဆက်ပြီး ပိတ်ဆို့ထားဖို့ လိုအပ်နေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က မနေ့က ပြောလိုက်ပါတယ်။
-
2012-04-04 -
-
-
လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် မြန်မာ့အရေး မူဝါဒဆိုင်ရာ ဆွေးနွေးပွဲအတွက် အီးယူကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ကျောက်မျက်ရတနာ၊ သစ် စတဲ့ ကူးသန်းရောင်းဝယ်ရေးနဲ့ သတ္တုမိုင်း တူးဖော်ရေးတွေအပေါ် ပိတ်ဆို့ အရေးယူထားတာကို ရုပ်သိမ်းဖို့ အချိန်မတန်သေးကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းရေး အစီအစဉ်မှာ အီးယူနဲ့ အမေရိကန် ဆောင်ရွက်ပုံချင်း မတူကြတာကြောင့် HRW အနေနဲ့ အီးယူကို တိုက်တွန်းစာ ပေးပို့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက တိုးတက်လာတဲ့ အခြေအနေကို အီးယူအနေနဲ့ တုန့်ပြန်မယ်ဆိုရင် မိမိတို့ အကြံပေးလိုတာက မြန်မာ အာဏာပိုင်တွေအပေါ် ကန့်သတ်ထားတဲ့ ဥရောပ ဝင်ခွင့်ဗီဇာကို အမည်နဲ့ ပုဂ္ဂိုလ်အလိုက် ရုပ်သိမ်းပေးတာ၊ လူသားချင်း စာနာကူညီမှု ဆိုင်ရာတွေမှာ ထောက်ပံ့ကူညီတာတွေကို ဆောင်ရွက်ပေးစေချင်ပါတယ်လို့ HRW နယူးယောက်မြို့ဌာနခွဲရဲ့ ပြောခွင့်ရ အမျိုးသမီး Elaine Pearson ကပြောပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရခဲ့တာဟာ မြန်မာအစိုးရအနေနဲ့ နောက်ကြောင်းပြန် လှည့်သွားနိုင်တယ်ဆိုတဲ့ သံသယကို အားနည်းသွားစေတယ် ဆိုပေမဲ့၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ရှေ့ဆက် တိုးတက်သွားပါတော့မယ်ဆိုတဲ့ အာမခံချက် ပေးလိုက်တာလည်း မဟုတ်ပါဘူးလို့ HRW ရဲ့အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
အထူးသဖြင့် ကချင်နဲ့ ရှမ်းပြည် မြောက်ပိုင်းဒေသတွေမှာ စစ်ဘေးကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ၊ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ဆက်လက် ထိန်းသိမ်းခံနေရတာတွေ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ HRW ပြောခွင့်ရ အမျိုးသမီး Elaine Pearson က ပြောပါတယ်။
ဒီအတောအတွင်း ဥရောပသမဂ္ဂ အီးယူကလည်း မြန်မာအပေါ် ပိတ်ဆို့မှုတွေ ပြန်ရုပ်ဖို့ ဟန်ပြင်နေပြီ ဆိုပေမဲ့ ဘယ်လောက်မြန်မြန် ပြန်ရုပ်မလဲဆိုတဲ့အပါ် အဖွဲ့ဝင်နိုင်ငံတွေ အချင်းချင်း သဘောထား ကွဲပြားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။