မင်းတပ်မြို့မှာ မတရားမှုတွေ ရှိလာမယ့်အရေး HRW စိုးရိမ်
ချင်းပြည်နယ် မင်းတပ်မြို့ကို မြန်မာစစ်တပ်က တိုက်ခိုက်နေတာတွေဟာ အရပ် သား ပြည်သူတွေကို အကာအကွယ်ပေးဖို့ဆိုတဲ့ စစ်တပ်ရဲ့တာဝန်ကို ပျက်ကွက်တာ ပဲဖြစ်ပြီး လူ့အခွင့်အရေးတွေကို ဂရုမစိုက်ဘူးဆိုတဲ့ မြန်မာစစ်တပ်ရဲ့လုပ်နေကျ ပုံစံကို ဆက်ပြီးလုပ်နေတာပဲလို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ရဲ့ အာရှရေးရာ ဒုညွှန်ကြားရေးမှူး Phil Robertson က မနေ့ကပဲ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ကတဆင့် ဖော်ပြပါတယ်။
- 2021-05-16
-
-
-
ချင်းပြည်နယ် မင်းတပ်မြို့ကို မြန်မာစစ်တပ်က တိုက်ခိုက်နေတာတွေဟာ အရပ်သား ပြည်သူတွေကို အကာ အကွယ်ပေးဖို့ဆိုတဲ့ စစ်တပ်ရဲ့တာဝန်ကို ပျက်ကွက်တာပဲဖြစ်ပြီး လူ့အခွင့်အရေးတွေကို ဂရုမစိုက်ဘူးဆိုတဲ့ မြန်မာစစ်တပ်ရဲ့လုပ်နေကျပုံစံကို ဆက်ပြီးလုပ်နေတာပဲလို့ Human Rights Watch လူ့အခွင့်အရေးစောင့် ကြည့်မှုအဖွဲ့ရဲ့ အာရှရေးရာ ဒုညွှန်ကြားရေးမှူး Phil Robertson က မနေ့ကပဲ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် ကတဆင့် ဖော်ပြပါတယ်။
မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေးဒေသအဖြစ် မေလ ၁၃ ရက်နေ့မှာ စစ်ကောင်စီက သတ်မှတ်ခဲ့တာဟာ မင်းတပ်မြို့နေ လူထုကို စစ်တပ်က လုပ်ချင်တာလုပ်ခွင့်ပေးလိုက်တာပဲဖြစ်ပြီး သံသယရှိတဲ့သူတွေအပေါ် မတရား ဖမ်းဆီးမှုတွေ၊ ခွဲခြားဆက်ဆံပြီး တိုက်ခိုက်တာတွေ၊ စစ်အင်အား အလွန်အကျွံသုံးတာတွေလုပ်ဖို့ စီစဉ်ခဲ့တဲ့သဘောပဲလို့ ဆိုပါတယ်။ အခုဆိုရင် မင်းတပ်မြို့ကို မြန်မာစစ်တပ်က ထိန်းချုပ်ထားတာကြောင့် မတရားသဖြင့် ဖမ်းဆီးခံရမယ့်အရေး၊ အဖမ်းခံရတဲ့သူတွေ နှိပ်စက်ညှဉ်းပန်းခံရမယ့်အရေး၊ စစ်ကောင်စီ တပ်ကို ခုခံခဲ့တဲ့သူတွေရဲ့ မိသားစုတွေအပေါ် ဂလဲ့စားချေ တုံ့ပြန်မယ့်အရေးနဲ့ မြန်မာစစ်တပ်က ကျူးလွန် နေကျ လူ့အခွင့်အရေးတွေ ချိုးဖေါက်မယ့်အရေးတွေကို စိုးရိမ်နေရပြီလို့ Phil Robertson က ပြောပါတယ်။
မင်းတပ်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို ကမ္ဘာက စောင့်ကြည့်နေတယ်ဆိုတာ မြန်မာစစ်တပ်က သိသင့်တယ်၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အားလုံးကို ရပ်တန့်ပါ၊ မင်းတပ်မြို့မှာ ကျန်နေတဲ့ ပြည်သူတွေအတွက် ကျန်းမာရေး အကူအညီပေးတောတွေကို ခွင့်ပြုပါ၊ လူသားချင်းစာနာတဲ့ တခြား အကူအညီတွေကိုလည်း ခွင့်ပြုပါလို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ရဲ့ အာရှရေးရာ ဒုညွှန်ကြားရေးမှူး Phil Robertson က ပြောလိုက်ပါတယ်။
မင်းတပ်မြို့မှာ မေလ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့ညနေပိုင်းအထိ စစ်ကောင်စီလက်နက်ကိုင်တွေနဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ CDF တို့ လေးရက်ကြာတိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ တူမီးသေနတ်တွေနဲ့ ခုခံနေတဲ့ ဒေသခံလူငယ်တွေကို လက်နက်ကြီးတွေနဲ့ အင်အားအများအပြားသုံးပြီး စစ်ကောင်စီဘက်က တိုက်ခိုက်ခဲ့တာပါ။