သိန္နီတိုက်ပွဲ တပ်မတော်သားတချို့ကျဆုံး၊ အရပ်သား ခုနစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့အဝင် ဈေးနားမှာ ဒီမနက်က တပ်မတော် ယာဉ်တန်း တိုက်ခိုက်ခံရပြီး တပ်မတော်သားအချို့ ကျဆုံးဒဏ်ရာရရှိခဲ့သလို အရပ်သား ခုနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် ဒဏ်ရာရတဲ့ အရပ်သားတစ်ဦးကို ၂၀၁၉၊ အောက်တိုဘာ ၉ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီဆေးရုံမှာ တွေ့ရစဉ် ဓါတ်ပုံ - ကံသာ/ RFA

ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့အဝင် ဈေးနားမှာ ဒီမနက်က တပ်မတော် ယာဉ်တန်း တိုက်ခိုက်ခံရပြီး တပ်မတော်သားအချို့ ကျဆုံးဒဏ်ရာရရှိခဲ့သလို အရပ်သား ခုနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တပ်မတော် ယာဉ်တန်းတိုက်ကို တအာင်းပလောင် TNLA လက်နက်ကိုင် တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်မတော်ဘက်က ရဲဘော်သုံးဦး ကျဆုံးပြီး သုံးဦဒဏ်ရာရ တယ်လို့ဒေသခံတွေက ပြောပါတယ်။

တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဒီမနက်တိုက်ပွဲမှာ တပ်တော်သားတချို့ ဒဏ်ရာရတာတွေရှိပြီး ထိခိုက်ကျဆုံးခဲ့တာရှိကြောင်းပြောပေမယ့် အရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

မနက် ၆း၃၀ ကနေ ၈ နာရီ ဝန်းကျင်အထိ မြို့အတွင်းမှာ ပစ်ခတ်သံတွေကြားနေရပြီး အရပ်သားတွေထိခိုက်မှု ရှိသလို နေအိမ်အချို့ ပျက်စီးတာရှိတယ်လို့လည်း သိန္နီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ပြောပါတယ်။

ဒီမနက် ပစ်ခတ်မှုမှာ ဒဏ်ရာရတဲ့ အရပ်သား ခုနှစ်ဦးရှိခဲ့ပြီး သိန္နီမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရကြောင်းနဲ့ အဲဒီထဲကနှစ်ဦးကိုတော့ လားရှိုးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

TNLA အဖွဲ့က တပ်မတော်ယာဉ်တန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်မတော်ဘက်က ပြန်လည်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ သိန္နီဒေသခံတချို့က ပြောပါတယ်။

ပစ်ခတ်မှုတွေဖြစ်ပြီး နောက်မှာ သိန္နှီမြို့အဝင်အထွက်လမ်းတွေကို အာဏာပိုင်တွေက ခေတ္တပိတ်ဆို့ထားပြီး နေ့လယ်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။ တပ်မတော်ကတော့ ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက်မှာ မပေါက်ကွဲပဲ ကျန်တဲ့လက်နက်ကြီးကျည်တွေကို လိုက်လံရှင်းလင်းနေတာကို တွေ့ရပါတယ်။

TNLA ဘက်ကတော့ သူတို့ဒေသကို ထိုးစစ်ဆင်လာတဲ့ တပ်မတော်ယာဉ်တန်းနဲ့သိန္နီမြို့အဝင်မှာ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၁၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ မြောက်ပိုင်းသုံးဖွဲ့နဲ့ တပ်မတော်အကြား တိုက်ပွဲတွေအတွင်း အနည်းဆုံး အရပ်သား ၁၇ ဦးသေဆုံးပြီး၊ ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ စာရင်းတွေကို ကိုးကားပြီး HRW က စက်တင်ဘာလ ၇ ရက်နေ့က ပြောဆိုထားပါတယ်။

(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org