ဆီဆိုင်မြို့က စစ်​ဘေးဒုက္ခသည်တစ်ဦး စစ်​ကြော​ရေးမှာ သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ တိုက်ပွဲကြောင့်ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးစစ်ဆေးရင်း သေဆုံးသွားပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ဆီဆိုင်မြို့ခံအချို့အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က တွေ့ရစဥ်။ Citizen Journalist

Updated 4:50 PM Feb 6, 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ ဖေဖော်ဝါရီ ၅ ရက်မနေ့က တိုက်ပွဲကြောင့်ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးစစ်ဆေးရင်း သေဆုံးသွားတယ်လို့ ဆီဆိုင်မြို့ခံတွေကပြောပါတယ်။

သေဆုံးသူဟာ ဆီဆိုင်မြို့နယ်၊ နောင်အယ်ရွာက အသက် ၅၀ အရွယ် ဦးခွန်ဘသြဖြစ်တယ်လို့ ဆိုပါတယ်။

ဦးခွန်ဘဩဟာ ဆီဆိုင်မြို့ကနေ ဆိုက်ခေါင်ရွာဘက်ကို စစ်ဘေးရှောင်ဖို့ထွက်လာချိန် မြို့မြောက်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးစစ်ဆေးရင်း သေဆုံးသွားတာလို့ ဆီဆိုင်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“ဖြစ်တဲ့နေရာက မြို့အထွက်မှာ စစ်တပ်စခန်းတွေ ရှိတဲ့အနီးမှာပဲဖြစ်တာ။ တိုက်ပွဲဖြစ်တော့ မြို့ခံတွေ ဘေးလွတ်တဲ့နေရာကို ပြေးကြတာရှိတယ်။ အဲဒီမှာ သူတို့စစ်ရှောင်လာရင်းနဲ့ စစ်တပ်ကစစ်ဆေးရင်း ရိုက်တယ်ထင်တယ် သေသွားတယ်”

ဆီဆိုင်မြို့နဲ့ကပ်လျက် ဝါးတောရွာမှာလည်း ဇန်နဝါရီ ၅ ရက်မနေ့က အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း စစ်ကောင်စီတပ်က စစ်ဆေးရိုက်နှက်လို့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့တာ မှန်ကန်ကြောင်း RFA ကိုပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဇန်နဝါရီ ၆ ရက်ဒီနေ့ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်နေတာကြောင့် နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံနှစ်ထောင်ဝန်းကျင် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဆီဆိုင်မြို့ခံ တစ်ဦးက RFA ကိုပြောပါတယ်။

“ဆီဆိုင်မြို့ ပတ်ပတ်လည်ကိုပစ်နေတာ။ ဆိုက်ခေါင်ရွာမှာ အထိုင်ချပြီး စစ်တပ်ကပစ်နေတာ။ အခုရွာသားတွေ အကုန်လုံးနီးပါးပြေးနေကြရတယ်”

ဟိုပုံးမြို့နယ်၊ နောင်စံဖူးရွာမှာ ဇန်နဝါရီ ၂၁ ရက်နေ့က ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) က ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ရဲ့ကားတွေကို လက်နက်သယ်တယ်ဆိုပြီး စစ်ဆေးရာကနေ တိုက်ပွဲစဖြစ်ခဲ့တာပါ။

ဇန်နဝါရီလ ၂၂ ရက်နေ့မှာတော့ စစ်ကောင်စီတပ်က ဆီဆိုင်မြို့နေရာအချို့ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး (PNLA) တပ်ဖွဲ့ကလည်း မြို့တွင်းနဲ့ စစ်ကောင်စီ တပ်စခန်းအချို့ကိုထိန်းချုပ်ခဲ့ပါတယ်။

ဒီနေ့အထိလည်း ဆီဆိုင်မြို့ကို (PNLA) တပ်ဖွဲ့က ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ (PNLA) ပြောရေးဆိုခွင့်ရှိသူက RFA ကိုပြောပါတယ်။

စစ်ကောင်စီတပ်ကလည်း ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့နဲ့ပေါင်းပြီး ပြန်လည်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေတယ်လို့ (PNLA) ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။

RFA ကပြုစုထားတဲ့ စာရင်းအရ တိုက်ပွဲစဖြစ်တဲ့ ဇန်နဝါရီလ ၂၁ ရက်ကနေ ဖေဖော်ဝါရီ ၅ ရက်မနေ့ကအထိ ဆီဆိုင်မြို့နယ်အတွင်းမှာ လေကြောင်းနဲ့လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် လေးဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးလို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

တိုက်ပွဲကြောင့် လူဦးရေ တစ်သိန်းကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

(မှတ်ချက်။ မူလသတင်းခေါင်းစဥ် "ဆီဆိုင်မြို့မှာ ဖမ်းဆီးခံရသူတစ်ဦးနဲ့ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံး"အစား "ဆီဆိုင်မြို့က စစ်​ဘေးဒုက္ခသည်တစ်ဦး စစ်​ကြော​ရေးမှာ သေဆုံး"ဟု ပြင်ဆင်ရေးသားထားပါသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org