သီပေါတိုက်ပွဲ သုံးလအတွင်း အရပ်သား သုံးဆယ်ကျော် သေဆုံး၊ ကိုးဆယ်ကျော် ဒဏ်ရာရ
သီပေါမြို့နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီးနောက် သုံးလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃၁ ဦး သေဆုံးခဲ့ပြီး ကိုးဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။
-
RFA Burmese
2024-10-03 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီးနောက် ၂၀၂၄ ခုနှစ် ဇူလိုင်ကနေ စက်တင်ဘာအထိ သုံးလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၃၁ ဦး သေဆုံးခဲ့ပြီး ကိုးဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်ပြီး ကျား၊ မ အရေအတွက် အတိအကျကိုတော့ ကူညီရေးအဖွဲ့တွေဘက်က ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
နောက်ထပ် ဒဏ်ရာရသူတွေထဲမှာတော့ ကလေးငယ် ၁၃ ဦးနဲ့ အမျိုးသား ၄၅ ဦး၊ အမျိုးသမီး ၃၃ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရသူတွေကို သီပေါမြို့ နယ်စည်းမခြား ပရဟိတအဖွဲ့ အခမဲ့ဆေးခန်းမှာ ဆေးကုသပေးနေပြီး ဒဏ်ရာပြင်းထန်တဲ့သူတွေကို လားရှိုးဆေးရုံကို လွှဲပြောင်းကုသပေးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ TNLA တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတဲ့ ခလရ- ၂၃ တပ်ရင်းအနီးမှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ရှိနေတယ်လို့ သီပေါမြို့ခံတစ်ဦးက ပြောပါတယ်။
“လေယာဥ်က နေ့တိုင်းလိုလို လာတယ်။ မြို့ထဲလည်း ကြဲတယ်။ စစ်တပ်နဲ့နီးတဲ့ ရွာဘက်တွေလည်း ကြဲတယ်။ တချို့ ဗုံးတွေဆိုရင် တစ်လုံးကနေ အဆင့်ဆင့် ကွဲတဲ့ဗုံးတွေလည်း ပါတယ်။ ဇာတ်စုရပ်ကွက်အနောက်ဘက်က ရွာတွေမှာ ခဏခဏ ကြဲခံနေရတယ်”
စက်တင်ဘာ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် တစ်ဦးအပါအဝင် လေးဦး သေဆုံးခဲ့ရပါတယ်။
သီပေါမြို့နယ်အတွင်းက တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ TNLA ပြောခွင့်ရသူ လွေးယေဦးနဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။