ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည် နှစ်ဦးသေဆုံး

ဗုံးကြဲတိုက်ခိုက်ခံရလို့ စစ်ဘေးဒုက္ခသည်တွေအပါအဝင် ဒေသခံတွေ ညတွင်းချင်း ဘေးလွတ်ရာကို ထွက်ပြေးသွားရတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင်နှင့် ကျောက်တစ်လုံးကြီးသို့ သွားရာ လမ်းတစ်နေရာအား ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ဆီဆိုင်မြို့နယ်စည်ပင်သာယာရေးကော်မတီ

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်က နောင်ထောင်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကရင်နီပြည်နယ်က စစ်ရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့ညက တိုက်ပွဲဖြစ်တာမရှိဘဲ ဆီဆိုင်မြို့နယ်ထဲကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နောင်ထောင်ကျေးရွာက နေအိမ်နှစ်လုံး မီးလောင်ပျက်စီးပြီး ဒုက္ခသည်နှစ်ဦး သေဆုံးခဲ့တာပါ။

ဗုံးကြဲတိုက်ခိုက်ခံရလို့ စစ်ဘေးဒုက္ခသည်တွေအပါအဝင် ဒေသခံတွေ ညတွင်းချင်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားရပြီး တောတောင်တွေထဲမှာ နေထိုင်နေရတာကြောင့် သေဆုံးသူတွေရဲ့ အချက်အလက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်လို့ စစ်ဘေးဒုက္ခသည်နှစ်ဦးသေဆုံးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နောင်ထောင်ကျေးရွာဟာ လူဦးရေ ၅ဝဝ ကျော်ရှိပြီး တိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ်က ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် တစ်ထောင်ခန့် လာရောက်ခိုလှုံနေထိုင်နေပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း ဟိုပုံးမြို့နယ် စံဖူးကျေးရွာအနီးမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် နေအိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org