ထန်တလန်မြို့က အိမ် ၉၀ ကျော် ထပ်မံမီးရှို့ခံရ

ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က နေအိမ် ၉၄ လုံး ထပ်မံမီးရှို့ခံခဲ့ရပါတယ်။

ထန်တလန်မြို့က မီးလောင်းကျွမ်းနေတဲ့ နေအိမ်များကို ဖေဖော်ဝါရီ ၂ ရက်နေ့က တွေ့ရစဉ် Photo: Chin World

ချင်းပြည်နယ်မြောက်ပိုင်း ထန်တလန်မြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့က ထန်တလန် CDF နဲ့ စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေအိမ် ၉၄ လုံး ထပ်မံမီးရှို့ခံခဲ့ ရတယ်လို့ ထန်တလန် ဒေသခံတွေက RFA ကိုပြောပါတယ်။

အိမ်ခြေ ၂,၅၀၀ ဝန်းကျင်ရှိတဲ့ ထန်တလန်မြို့မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ ဒီနေ့ အထိ အချိန် ငါးလနီးပါး ကာလအတွင်း မီးရှို့ခံရတဲ့အိမ်ဟာ ၉၂၈ လုံးအထိ ရှိလာနေပြီလို့ ဒေသခံတွေနဲ့ ချင်းလူ့ခွင့်အရေးအဖွဲ့က ပြောပါတယ်။ မီးရှို့ခံရတဲ့အကြိမ်ဟာ ၁၈ ကြိမ်အထိ ရှိလာနေတယ်လို့ ဆိုပါတယ်။

ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ နှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပေမယ့် CDF ဘက်ကတော့ ထိခိုက်တာမရှိဘူးလို့ ထန်တလန် CDF ကပြောပါတယ်။

အခုလို ထိခိုက်သေဆုံးမှုတွေရှိတိုင်း စစ်ကောင်စီ တပ်သားတွေဟာ မြို့ပေါ်က နေအိမ် တွေကို မီးရှို့လေ့ရှိတယ် လို့လည်းဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ ထန်တလန်မြို့က နေအိမ်တွေကို မီးရှို့တာဟာ သူတို့လက်ချက် မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

အခုနေအိမ်တွေ ထပ်မံမီးရှို့ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org