ထန်းတပင် ပစ်ခတ်မှု ဖမ်းမိသူတွေဟာ မှားယွင်းအဖမ်းခံရတယ်လို့ မိသားစုဝင်တွေပြော
ရန်ကုန်တိုင်း ထန်းတပင် တာဆုံရဲကင်းစခန်းကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ PDF အဖွဲ့က ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး လက်ရှိ စစ်ကောင်စီတပ်က ဖမ်းမိထားသူတွေဟာ မှားယွင်းဖမ်းဆီးခံထားရသူတွေဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
- 2021-11-17
-
-
-
ရန်ကုန်တိုင်း ထန်းတပင် တာဆုံရဲကင်းစခန်းကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ PDF အဖွဲ့က ကားပေါ်ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်ပြီး လက်ရှိ စစ်ကောင်စီတပ်က ဖမ်းမိထားသူတွေဟာ မှားယွင်းဖမ်းဆီး ခံထားရသူတွေဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့က အဲဒီရဲကင်းစခန်း ပစ်ခတ်ခံရပြီးနောက် တိုက်ကြီးမြို့နယ် ဝံကိုက်ရွာကနေပြန်လာတဲ့ ကို Abdul Wabhav ရဲ့ Toyota Kluger ကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးလိုက်တာလို့ မိသားစုနဲ့ နီးစပ်သူက ဆိုပါတယ်။
"သူတို့က ရန်ကုန်တိုင်း ဝံကိုက်ပေါ့ ဥက္ကံနားက အဲဒီကို အလည်သွားကြတာတဲ့။ အလည်သွားပြီး ပြန်လာ ကြတာပြောတယ်။ ကားတားတော့ ကြောက်ပြီး ဆက်မောင်းလိုက်တာမှာ အဲဒီလိုဖြစ်သွားတယ်ပြော တာပဲ။ နိုင်ငံရေးအကြောင်းလည်း နားမလည်ဘူး။ ကိုယ့်ကလေးတွေပါသွားတော့ စိတ်မကောင်းတာ ပဲရှိတယ်။ ဘာပြောရမှန်းတောင် မသိတော့ဘူး"
စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ အဲဒီကားပေါ်ပါ လေးယောက်ထဲက ဆိုက်ဖွလ္လာဟ် (ခေါ်) ကိုဇင်ကိုထက် ဟာ နိုဝင်ဘာ ၁၅ ရက်နေ့မှာပဲ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။ သူတို့လေးယောက်စလုံးဟာ အစ္စလာမ် ဘာသာဝင်တွေဖြစ်ကြပြီး အသက် ၂၆ နှစ်အရွယ် သူငယ်ချင်းတွေဖြစ်ကြတယ်လို့ မိသားစုနဲ့ နီးစပ်သူ တစ်ယောက်က RFA ကို ပြောပါတယ်။
Abdul Wabha အပါအဝင် ဖမ်းဆီးခံထားရတဲ့သူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ RFA အနေနဲ့ လက်ရှိမှာ မသိရှိရသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့သေးပါဘူး။
ပြီးခဲ့တဲ့နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် တာဆုံရဲကင်းစခန်းကို M-16 လို့ ယူဆရတဲ့ မောင်းပြန်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်သုံးယောက် သေဆုံးခဲ့ရပါတယ်။