ဦးဌေးအောင်ရုံးချိန်းကို လာရောက်ဝန်းရံသူများပြား
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြောဆိုမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ ဖမ်းဆီး အရေးယူခံထားရတဲ့ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဌေးအောင် အမှုကို ဒီကနေ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ စစ်ဆေးရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တချို့နဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ လာရောက် ဝန်းရံခဲ့ကြပါတယ်။
-
2020-09-01 -
-
-
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြောဆိုမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ ဖမ်းဆီး အရေးယူခံထားရတဲ့ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဌေးအောင် အမှုကို ဒီကနေ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ စစ်ဆေးရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တချို့နဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ လာရောက် ဝန်းရံခဲ့ကြပါတယ်။
Orchid ဟိုတယ်ပိုင်ရှင် ဦးဌေးအောင်ကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄-က နဲ့ ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ် တရားစွဲဆိုခဲ့ပြီး ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။
ဦးဌေးအောင်ဟာ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လွှတ်တော် ကိုယ်စားလှယ်လောင်း လျှောက်ထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲပြိုင်ဘက်တစ်ဦးလည်း ဖြစ်နေပါတယ်။ ဦးဌေးအောင်မှာ အပြစ်ရှိ၊ မရှိ တရားရုံးက အမိန့်မချရသေးတာကြောင့် လက်ရှိအချိန်ထိ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်နေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ နိုင်ငံတကာ အထောက်အပံ့တွေ ရယူထားတယ်ဆိုပြီး သြဂုတ်လ ၈ ရက်နေ့က ပြုလုပ်တဲ့ ရှင်းလင်းပွဲ တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်နိုင်အောင် တောင်ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင်မှာ ကန့်ကွက်လွှာ တင်ခဲ့ဖူးပါတယ်။
ဦးဌေးအောင် တရားရုံးချိန်းကို အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီ တည်ထောင်ထားတဲ့၊ ၂၀၁၉ မေလက ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်က အစ္စလာမ် ဘာသာဝင်တွေရဲ့ ဝတ်ပြုနေရာတွေကို ပိတ်သိမ်းဖို့ လူအင်အားနဲ့ တောင်းဆို ကြိုးစားအပြီး ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရတဲ့ ဦးမိုက်ကယ်ကျော်မြင့် ကိုယ်တိုင် လာရောက် ဝန်းရံခဲ့ပါတယ်။
ဦးဌေးအောင်ဟာ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပေမယ့် သူရင်ဆိုင်နေရတာဟာ အာဏာရပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တဲ့အတွက် နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးတွေ အပြည့်အဝ ရရှိပြီး ရင်ဆိုင်နိုင်အောင် ဦးဌေးအောင်ကို လာရောက်ဝန်းရံတာဖြစ်တယ်လို့ ဦးမိုက်ကယ်ကျော်မြင့်က ဒီနေ့ ရုံးထုတ်အပြီးမှာ ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပုဇွန်တောင်မြို့နယ် ဥက္ကဋ္ဌ ဦးစိုးမင်းသိန်းက ဦးဌေးအောင်ကို အခုလို နိုင်ငံတော် အကြည်အညို ပျက်စေမှုနဲ့ တရားစွဲဆိုလိုက်တာဟာ ကော့မှူးမြို့နယ်အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို သံသယ ဖြစ်သွားပြီလို့ ပြောပါတယ်။
နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄-က ဟာ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် အမြင့်ဆုံး ချမှတ်နိုင်တဲ့ ပြစ်ဒဏ်က ထောင်ဒဏ်တစ်သက်တစ်ကျွန်း ဖြစ်ပါတယ်။
ဦးဌေးအောင်ကို လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးထုတ်သွားမှာ ဖြစ်ပါတယ်။