ထီးလင်းမြို့နယ်မှာ အရပ်သားငါးဦး အသတ်ခံရ

ထီးလင်းမြို့နယ်၊ ကျားခဲရွာကို စစ်ကောင်စီတပ် အင်အားငါးဆယ်ခန့်နဲ့ ရွာထဲ စီးနင်းပြီးနောက် အရပ်သားငါးဦးကို သတ်ဖြတ်သွားတယ်လို့ ထီးလင်းဒေသခံတွေက RFA ကို ပြောပါတယ်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဥ်။ Yaw Revolution Army- ထီးလင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲရွာကို အောက်တိုဘာ ၂၆ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ် အင်အားငါးဆယ်ခန့်နဲ့ ရွာထဲ စီးနင်းပြီးနောက် အရပ်သားငါးဦးကို သတ်ဖြတ်သွားတယ်လို့ ထီးလင်းဒေသခံတွေက RFA ကို ပြောပါတယ်။

ထီးလင်းမြို့ပေါ်ကနေ ငါးမိုင်ခန့်ဝေးတဲ့ ကျားခဲရွာကို စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ဒီနေ့မနက် လေးနာရီမှာ စစ်ကြောင်းထိုး စီးနင်းလာတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ပြန်ထွက်သွားပြီးနောက် ကျားခဲရွာထဲမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်း လေးလောင်း တွေ့ခဲ့သလို ရွာအပြင်မှာ သတ်ဖြတ်ခံရသူတစ်ဦးရဲ့ အလောင်းတစ်လောင်းပါ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးလင်း ဒေသခံတစ်ဦးကတော့ မနက်အစောမှာ စစ်ကြောင်းထိုးပြီး အရပ်သားတွေကို သတ်ဖြတ်သွားတာလို့ RFA ကို ပြောပါတယ်။

“ကျားခဲရွာက ထီးလင်းမြို့နဲ့ ကပ်ရပ်ပဲ၊ မနက်လင်းခါနီး ပြည်သူတွေ အိပ်နေတဲ့အချိန်မှာ စစ်ကြောင်းထိုး စီးနင်းတာ။ ဇရပ်တဲလေးမှာ ဒေသခံလေးယောက် သတ်ဖြတ်ပြီးမှ မီးရှို့တာ၊ နောက်တစ်ယောက်က ရွာအပြင်ဘက်မှာ အသတ်ခံရတာ။ အသတ်ခံရတဲ့သူတွေ ဘယ်သူတွေလဲဆိုတာ အတိအကျ မသိရသေးဘူး။ စုံစမ်းနေဆဲ အဖမ်းခံရတဲ့သူတွေ ရှိနေသေးတော့ အသေးစိတ် မသိရသေးဘူး”

ဒီ့အပြင် စစ်ကောင်စီတပ်က ဒေသခံခုနစ်ဦးကိုလည်း ထီးလင်းမြို့ပေါ်ကို ဖမ်းခေါ်သွားတယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အောက်တိုဘာ ၂၅ ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာကနေ လက်နက်ကြီးနဲ့ပစ်လို့ တောင်ခင်ရန်းရွာက အမှတ် (၁) ရပ်ကွက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၂၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သေဆုံးသူ ခြောက်ထောင်ခန့် (၅၈၈၆ ဦး) အထိ ရှိလာပြီဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org