အလုပ်ရှင်ဘက်က ခြိမ်းခြောက်တာကြောင့် ထူးသစ်စက်ရုံက အလုပ်သမားတွေ ဆန္ဒပြ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း စက်မှုဇုန်မှာရှိတဲ့ ထူးသစ် ငါးစာတောင့်စက်ရုံက အလုပ်သမား ၅၀ ကျော်ဟာ အပြန်ကားဖယ်ရီ စီစဉ်ပေးဖို့တောင်းဆိုတဲ့ အလုပ်သမားတွေကို အလုပ်ရှင်ဖက်က အလုပ်ထုတ်ဖို့ ခြိမ်းခြောက်တာနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ဒီကနေ့ မနက်ပိုင်းက စက်ရုံရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

အခုလို တောင်းဆိုဆန္ဒပြရတာနဲ့ ပတ်သက်ပြီး  အလုပ်သမားခေါင်းဆောင် ကိုအောင်အောင် က RFA ကို အခုလို ပြောပါတယ်။

“ဆန္ဒပြရတဲ့ အဓိကအကြောင်းအရင်းက ၁၀ လပိုင်း ၁ ရက်နေ့မှာ လစာတိုးဖို့၊ ဖယ်ရီကား စီစဉ်ပေးဖို့ရယ်နဲ့ ကျနော်တို့ အချိန်တွေပြောင်းဖို့ရယ် အလုပ်သမားတွေရဲ့ကိုယ်စား သွားတောင်းတာ၊ ဖယ်ရီကား စီစဉ်ပေးမယ်ဆိုတာကို နေ့ရောညရောပေးရမယ့်ဥစ္စာကို  ညပဲပေးတယ်၊ နေ့ဖက်ကို မပေးဘူး၊ ကျနော်တို့က နေ့အတွက်ပေးပါဆိုပြီးတော့ အလုပ်သမားတွေရဲ့ကိုယ်စား သွားတောင်းတယ်၊ အဲဒါကို မင်းတို့ခေါင်းဆောင်မဟုတ်ပဲနဲ့ လာပြောတယ်၊ မင်းတို့ကို အလုပ်ထုတ်မယ်လို့ပြောတယ်၊ အဲသလိုပြောတော့ ကျန်တဲ့သူတွေက မခံနိုင်တော့ပဲနဲ့ ဖယ်ရီကားကို နေ့ရောညရော တောင်းဖို့ရယ်၊ အချိန်ကို ညနေ ၅ နာရီကနေ ည ၁ နာရီထိပဲ ဆင်းဖို့ရယ် ထပ်ပြီးဆန္ဒပြရခြင်းဖြစ်ပါတယ်”

ဒီကနေ့ဆန္ဒပြမှုဟာ ပထမဆုံးအကြိမ် ဆန္ဒပြတောင်းဆိုတာဖြစ်ပြီး ညနေပိုင်းအချိန်အထိ အလုပ်ရှင်တွေဘက်ကနေ တစ်စုံတရာညှိနှိုင်းမှုမျိုး မရှိသေးဘူးလို့ ကိုအောင်အောင်က ဆိုပါတယ်။

ထူးသစ် ငါးစာတောင့်စက်ရုံဟာ အလုပ်သမားအင်အား ရှစ်ဆယ်ကျော်နဲ့လည်ပတ်နေတဲ့ စက်ရုံတစ်ရုံ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org